ရုရှားစစ်လေယာဉ်များကို ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းအရာရှိများ ပြောကြား

ရုရှားစစ်လေယာဉ်များကို ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းအရာရှိများ ပြောကြား
မတ် ၂၆ ရက်က ယူကရိန်း၏ ဒိုးနက်ဒေသရှေ့တန်းစစ်မြေပြင်အနီးတွင် ဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo: AP)
မတ် ၂၆ ရက်က ယူကရိန်း၏ ဒိုးနက်ဒေသရှေ့တန်းစစ်မြေပြင်အနီးတွင် ဒရုန်းလွှတ်တင်ရန် ပြင်ဆင်နေသည့် ယူကရိန်းစစ်သားများကို တွေ့ရစဉ်(Photo: AP)
Published 6 April 2024

ရုရှား၏ စစ်လေယာဉ်ခြောက်စင်းကို ဒရုန်းများဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းအရာရှိများက ဧပြီ ၅ ရက်တွင် ပြောကြားခဲ့ပြီး ရုရှား၏ ရော့စတော့ဗ်ဒေသရှိ လေယာဉ်ကွင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုတွင် အခြားလေယာဉ်ရှစ်စင်းလည်း ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်ဟု ဆိုသည်။

ရုရှား ကာကွယ်ရေးအရာရှိများကမူ ၎င်းတို့သည် ယူကရိန်းဒရုန်း ၄၄ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် လျှပ်စစ်ဓာတ်အားပေးရုံတစ်ရုံသာ ထိခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အေပီသတင်းဌာနအနေဖြင့် ယူကရိန်းနှင့် ရုရှား၏ ပြောဆိုမှုများကို လွတ်လပ်စွာအတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

ထိုတိုက်ခိုက်မှုသည် စစ်ပွဲကာလအတွင်း ယူကရိန်း၏ အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ပုံရပြီး ယူကရိန်းတပ်ဖွဲ့များသည် ရုရှားမြေပေါ်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်လျက်ရှိသည်။

ရုရှားကလည်း ယူကရိန်း၏ ဓာတ်အားပေးစက်ရုံများအပါအဝင် အရပ်ဘက်အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှုများ အားအရှိန်မြှင့်တင်ခဲ့ပြီး မကြာသေးမီ သီတင်းပတ်များအတွင်း နှစ်ဘက်စလုံးသည် မြေပြင်တွင် အသာစီးရရှိရန် ရုန်းကန်နေရချိန်တွင် အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် စစ်ပွဲ၏ အန္တရာယ်ပိုများလာသည့် လက္ခဏာတစ်ခုဖြစ်လာခဲ့သည်။

ယူကရိန်းသည် ရုရှားနိုင်ငံ မိုရိုဇော့စ်မြို့အနီးရှိ စစ်တပ်လေယာဉ်ကွင်းကို ညအချိန်တွင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကို ယူကရိန်းလုံခြုံရေးတပ်ဖွဲ့က စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယူကရိန်း ထောက်လှမ်းရေးအရာရှိများက အေပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုတွင် လေယာဉ်ကွင်း၏ ဝန်ထမ်း ၂၀ ခန့် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

မိုရိုဇော့စ်လေဆိပ်သည် ယူကရိန်း၏မြို့များနှင့် ရှေ့တန်းစစ်မြေပြင်များတွင် ဗုံးကြဲတိုက်ခိုက်ရန် ရုရှား ဗုံးကြဲလေယာဉ်များအသုံးပြုသည့် လေယာဉ်ကွင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် အရာရှိများက ပြောကြားခဲ့ သည်။

၎င်းတို့၏ ပြောကြားချက်များသည် အမှန်ဖြစ်ခဲ့မည်ဆိုပါက ထိုတိုက်ခိုက်မှုသည် ယူကရိန်း၏ အောင်မြင်မှုအရှိဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများထဲတွင် ပါဝင်မည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရုရှားတို့ ထိန်းချုပ်ထားသည့် ဒေသများရှိ လေယာဉ်ကွင်းနှစ်ကွင်းတွင် အမေရိကန်က ထောက်ပံ့ပေးထားသည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များဖြင့် ရုရှားရဟတ်ယာဉ် ကိုးစင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် အမည်ဖော်ပြမထားသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ယူကရိန်းမီဒီယာက သတင်းထုတ်ပြန်ခဲ့ရာတွင် ယူကရိန်း၏ ဒရုန်းများသည် ရုရှားနိုင်ငံအတွင်းရှိ လေတပ်စခန်းများမှ ရုရှား ဗုံးကြဲလေယာဉ်တစ်စင်းကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ နယ်စပ်မှ ကီလိုမီတာ ၁၀၀( မိုင် ၆၀ )အကွာရှိ မိုရိုဇော့စကီးခရိုင်တွင် ယူကရိန်းဒရုန်း ၄၄ စင်းကို ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံတစ်ခုထိခိုက်ခဲ့ကာ လေယာဉ်ကွင်းအနီးရှိ လူရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရော့စတော့ဗ် အုပ်ချုပ်ရေးမှူး ဗာစီလီ ဂိုလူဘက်ဗ်က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်၏ ဘလော့ဂါများကမူ မိုရိုဇော့စ်မြို့ရှိ လေတပ်စခန်းတွင် ဒရုန်းဖြင့် တိုက်ခိုက်ရန်ကြိုးပမ်းမှုဖြစ်ပွားခဲ့သော်လည်း လေတပ်စခန်းနှင့် စစ်လေယာဉ်များ ထိခိုက်ခြင်း၊ လူများ ထိခိုက်သေဆုံးခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။                        

Ref: AP

Most Read

Most Recent