အစ္စရေးက ဆီးရီးယားရှိ အီရန်သံရုံးဝင်းထဲက ကောင်စစ်ဝန် တိုးချဲ့ဆောင်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်သောကြောင့် အရာရှိအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံး

အစ္စရေးက ဆီးရီးယားရှိ အီရန်သံရုံးဝင်းထဲက ကောင်စစ်ဝန် တိုးချဲ့ဆောင်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်သောကြောင့် အရာရှိအပါအဝင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံး
ဒမတ်စကတ်တွင် တိုက်ခိုက်ခံရသည့် နေရာ၌ ကယ်ဆယ်ရေးလုပ်နေပုံကို  ဧပြီ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဒမတ်စကတ်တွင် တိုက်ခိုက်ခံရသည့် နေရာ၌ ကယ်ဆယ်ရေးလုပ်နေပုံကို  ဧပြီ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 3 April 2024

အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီ ၁ ရက်တွင် ဒမတ်စကတ်မြို့ရှိ အီရန်သံရုံး၏ကောင်စစ်ဝန် တိုးချဲ့ဆောင် ပျက်စီးသွားခဲ့သည်ဟု ဆီးရီးယားနှင့်အီရန်တာဝန်ရှိသူများက ပြောကြားခဲ့ပြီးသေဆုံး သွားသော တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦးထဲတွင် တော်လှန်ရေးအစောင့်တပ်၏အရာရှိကြီးတစ်ဦးပါဝင်သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍မိမိတို့ မှတ်ချက်ပေးလိမ့်မည်မဟုတ်ဟု အစ္စရေးက ပြောကြားခဲ့သည်။ သို့ရာတွင် အီရန်တာဝန်ရှိသူများက ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု ပြောကြားခဲ့သောကြောင့် ဂါဇာစစ်ပွဲဖြစ်ပွား နေချိန်တွင် အစ္စရေးနှင့်အီရန်မဟာမိတ်များအကြား နောက်ထပ်အကြမ်းဖက်မှုများပင် ရှိလာနိုင်သည်ဟူသော စိုးရိမ်မှုများရှိနေသည်။

သေဆုံးသွားသူခုနစ်ဦးထဲတွင် နောက်ထပ်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်မိုဟာမက်ဟာဒီဟာဂျီရာဟီမီ ပါဝင်သည်ဟု အီရန်၏အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က ပြောကြားခဲ့သည်။

အစ္စရေးဒုံးကျည်များက အီရန်သံရုံး၏ တိုးချဲ့ဆောင် အဆောက်အဦးကိုပျက်စီးသွားစေခဲ့သည်ဟု ဗြိတိန်အခြေစိုက်စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် လူ့အခွင့်အရေးများအတွက် ဆီးရီးယားစောင့်ကြည့်ရေး အဖွဲ့ကပြောကြားခဲ့သည်။ သေဆုံးသွားသူ ၁၁ ဦးထဲတွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင် ခုနစ်ဦးပါဝင်သည်ဟု ဆိုသည်။

သေဆုံးသွားသူများထဲတွင် အီရန်နိုင်ငံသားရှစ်ဦး၊ ဆီးရီးယားနိုင်ငံသားနှစ်ဦး၊ လက် ဘနွန်နိုင်ငံသားတစ်ဦးတို့ပါဝင်သည်ဟု လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပြီး သေဆုံးသွားသူအားလုံးသည် တိုက်ခိုက်ရေးသမားများဖြစ်ပြီး အရပ်သားများမဟုတ်ဟု ယင်းအဖွဲ့ကိုဦးဆောင်သော ရာမီအဗ္ဗဒယ်ရာမန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အက်ဖ်-၃၅ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်လေယာဉ်များက အဆောက်အအုံကို ဒုံးကျည်ခြောက်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားဆိုင်ရာ အီရန်သံအမတ် ဟော်ဆိန်အက်ဘာရီက အီရန်အစိုးရ ရုပ်သံကို ပြောကြားခဲ့သည်။

အီရန်သံရုံးရှိ ကောင်စစ်ဝန် တိုးချဲ့ဆောင်သည် ပြိုကျသွားခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်များက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများက အပျက်အစီးများအောက်တွင် ရှာဖွေမှုများ လုပ်ဆောင်နေစဉ် ဒမတ်စကတ်အထက်တန်းစား ခရိုင်ဖြစ်သော မာဇာ၌ အချက်ပေးဥသြသံများ ညံနေခဲ့သည်။

လုံခြုံရေးများက တိုက်ခိုက်ခံရသည့်နေရာကို ကာထားခဲ့သည်။  အပျက်အစီးများကို မြေကော်စက်များဖြင့်ရှင်းလင်းနေပြီး မီးလောင်ထားသဖြင့် မည်းတူးနေသောကားများကို လမ်းပေါ်မှ ဖယ်ရှားနေစဉ် လူအုပ်ကကြည့်နေသည်ကို တွေ့ရသည်။

တိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး အဆောက်အအုံအတွင်းပိုင်းတွင်ရှိနေသူများ သေဆုံးခြင်း၊ ဒဏ်ရာရခြင်းတို့ရှိသည်ဟု ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အလောင်းများကို ပြန်လည်ရရှိအောင်ဆောင်ရွက်နေပြီး ဒဏ်ရာရထားသူများကို အပျက်အစီးများ အောက်မှ ကယ်ဆယ်နေသည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent