ဖိလစ်ပိုင်တွင် မေလလယ်ပိုင်းအထိ အပူချိန်များမြင့်တက်ဖွယ်ရှိပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရ

ဖိလစ်ပိုင်တွင် မေလလယ်ပိုင်းအထိ အပူချိန်များမြင့်တက်ဖွယ်ရှိပြီး နိုင်ငံအတွင်းရှိ စာသင်ကျောင်းအားလုံး ပိတ်ထားရ
ဧပြီ ၂၈ ရက်က မလေးရှားနိုင်ငံ မနီလာမြို့တော်တွင် ပူပြင်းနေသည့် ရာသီဥတုအတွင်း သစ်ပင်တစ်ပင်အောက်တွင် အရိပ်ခိုနေသည့် လမ်းဘေးစျေးသည်တစ်ဦးကို တွေ့ရစဉ်
ဧပြီ ၂၈ ရက်က မလေးရှားနိုင်ငံ မနီလာမြို့တော်တွင် ပူပြင်းနေသည့် ရာသီဥတုအတွင်း သစ်ပင်တစ်ပင်အောက်တွင် အရိပ်ခိုနေသည့် လမ်းဘေးစျေးသည်တစ်ဦးကို တွေ့ရစဉ်
Published 28 April 2024

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် မေလလယ်ပိုင်းအထိ ပုံမှန်မဟုတ်သည့် ပူပြင်းသည့်မိုးလေဝသနှင့် ရင်ဆိုင်ရွယ်ရှိသည်ဟု မိုးလေဝသခန့်မှန်းသူတစ်ဦးက ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင် အရှေ့တောင်အာရှတွင် အလွန်ပူပြင်းသည့် အပူချိန်များကြောင့် ထောင်နှင့်ချီသည့် စာသင် ကျောင်းများ ပိတ်ထားခဲ့ရကာ အာဏာပိုင်များက ကျန်းမာရးသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်တွင် လူအများအပြားသည် အပူဒဏ်မှ သက်သာရာရစေရန် လေအေးပေးစက်များဖွင့်ထားသည့် စျေးဝယ်ကုန်တိုက်များအတွင်း ဝင်ရောက်ခိုလှုံခြင်းနှင့် ရေကူးကန်များတွင် ရေကူးခြင်း၊ ရေစိမ်ခြင်းတို့ ပြု လုပ်လျက်ရှိသည်။

“ကျွန်မကြုံခဲ့ဖူးသမျှ အခုက အပူဆုံးပါပဲ။ ကျွန်မတို့ရဲ့ ဧည့်သည်တွေ၊ မိတ်ဆွေတွေ နဲ့ မိသားစုဝင်တွေဟာ အပူဒဏ်ကို သက်သာစေဖို့ ရေကူးကန်ကိုပဲ လာကြပါတယ်”ဟု မနီလာမြို့အနီး ကာဗိုက်ပြည်နယ်ရှိ အပန်းဖြေ စခန်းတစ်ခုကိုပိုင်ဆိုင်သည့် အသက် ၆၅ နှစ် အရွယ် နန်စီဘူတစ္စတာက ပြောကြားခဲ့သည်။

မနီလာမြို့တော်တွင် ဧပြီ ၂၇ ရက်က အပူချိန်သည် ၃၈ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့ပြီး အပူညွှန်းကိန်းမှာ ၄၅ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိခဲ့သည်။

အပူညွှန်းကိန်းဆိုသည်မှာ လေထုစို ထိုင်းဆကိုပါထည့်သွင်းတွက်ချက်ပြီး လူ့ခန္ဓာကိုယ်တွင် ခံစားရသည့် အပူချိန်ကို သတ်မှတ်ဖော်ပြခြင်းဖြစ်သည်။

ဖိလစ်ပိုင်တွင် မတ်၊ ဧပြီနှင့် မေလများ သည် နှစ်တစ်နှစ်၏ အပူဆုံးနှင့် အခြောက်သွေ့ဆုံးလများဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ယခုနှစ်၏ အပူချိန်များသည် ပိုမိုပြင်းထန်ခဲ့သည်။

နိုင်ငံအတွင်းရှိ နေရာအားလုံးတွင် ပူပြင်းသည့် အပူချိန်များသည် မေလ ဒုတိယပတ်အထိ ဆက်လက်တည်ရှိနေနိုင်ကြောင်း နိုင်ငံမိုးလေဝသဌာနမှ ခန့်မှန်းသူ ဂလိုင်ဇာ အက်စ်ကူလာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မနီလာမြို့တော်မြောက်ပိုင်း တာလက်ပြည်နယ်တွင် ဧပြီ ၂၇ ရက်က အပူချိန် ၄၀ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိခဲ့မှုနှင့်အတူ ယခုနှစ်၏ အပူဆုံးစံချိန်ဖြစ်ခဲ့သည်။

အပူချိန်များမြင့်တက်ခဲ့သဖြင့် ဂါရစ်ရီးယက်စ် (၃၁ နှစ်)သည် ၎င်း၏ နှစ်နှစ်အရွယ်သမီးနှင့်အတူ နီးစပ်ရာ စျေးဝယ်ကုန်တိုက်သို့ သွားရောက်ရန် ပြင်ဆင်နေသည်။

“အိမ်မှာနေရာ ပူတယ်။ မနက် ၁၀ နာရီ ကလေ ညနေ ၄ နာရီအတွင်း ကျွန်မကြုံဖူးသမျှ အပူဆုံးပါပဲ။ မီတာခချွေတာဖို့အတွက် အဲကွန်းဖွင့်ပေးထားတဲ့ နေရာတွေကို သွားဖို့လိုပါတယ်

”ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် အပူချိန်များ မြင့်တက်မှုကြောင့် နိုင်ငံအတွင်းရှိ အစိုးရကျောင်းအားလုံးကို ပိတ်ထားခဲ့ပြီး ကျောင်းသားများကို ဧပြီ ၂၉ ရက်နှင့် ဧပြီ ၃၀ ရက်တွင် အဝေးသင်စနစ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အာရှတိုက်သည် ၂၀၂၃ ခုနှစ်အတွင်း ရေလွှမ်းမိုးမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသူများနှင့် စီးပွားရေး နစ်နာမှုများရှိခဲ့မှုနှင့်အတူ ရာသီဥတုနှင့် ဆက်စပ်သည့် ဘေးအန္တရာယ်များနှင့် မိုးလေ ဝသအန္တရာယ်များကို အများဆုံးခံစားခဲ့ရသည့် ဒေသဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အပူချိန်များ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် အပူလှိုင်းများကျရောက်သည့် အချိန်ကာလကို ပိုမိုရှည်ကြာစေပြီး၊ မကြာခဏဖြစ်ပွားစေကာ ပိုမိုပြင်းထန်စေကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာ အပူချိန်သည် စံချိန်တင်မြင့်တက်ခဲ့ပြီး အာရှ၏ ပူနွေးမှုအခြေအနေသည် ပိုမိုလျင်မြန်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ပြောကြားခဲ့သည်။                          Ref:AFP

Most Read

Most Recent