ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ တရုတ်သို့ တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိ

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ တရုတ်သို့ တရားဝင်ခရီးစဉ်အဖြစ်ရောက်ရှိ
ဧပြီ ၈ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ ပေကျင်းသို့ရောက်ရှိလာပုံကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: Moscow Times)
ဧပြီ ၈ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ ပေကျင်းသို့ရောက်ရှိလာပုံကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: Moscow Times)
Published 8 April 2024

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့သည် ဧပြီ ၈ ရက်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်းရုရှားနှင့်တရုတ်တို့သည် သံတမန်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန် ကြိုးပမ်းလျက်ရှိသည်။

တရုတ်က ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ကြားနေနိုင်ငံအဖြစ် ရပ်တည်ကြောင်းပြောဆိုထားသော်လည်း ရုရှား၏ကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချခြင်းမရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့သည် ဧပြီ ၈ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံပေကျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုမီဒီယာတစ်ခုဖြစ်သည့် X တွင် ပို့စ်တင်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လက်ဗ်ရော့သည် ပေကျင်းတွင် နှစ်ရက်ကြာ နေထိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

“အရေးကြီးကိစ္စရပ် တချို့နဲ့စပ်လျဉ်းပြီးနက်နက်နဲနဲ အမြင်ချင်းဖလှယ် ဆွေးနွေးမှုပြုလုပ်သွားမယ်လို့ ယူဆရပါတယ်”ဟု ယူကရိန်း အကျပ်အတည်းနှင့် အာရှ-ပစိဖိတ်ဒေသ အခြေအနေတို့ကို ရည်ညွှန်း၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေးတို့နဲ့ ဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမှာဖြစ်တယ်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ဗ်ရော့သည် တရုတ်သမ္မတရှီကျင်းပင်၏ အထင်ကရ အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ရန် ယမန်နှစ် အောက်တိုဘာလက ပေကျင်းသို့ နောက်ဆုံးအကြိမ်လာရောက်ခဲ့သည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နှင့်ရုရှားတို့သည် သံခင်းတမန်ခင်းဆက်ဆံမှုများကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်လာခဲ့ပြီး ၎င်းနှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုလျင်မြန်စွာတိုးတက်လာခြင်းကို အသုံးချ၍ အမေရိကန်ဦးဆောင်သော အနောက်နိုင်ငံများကို အင်အားချိန်ခွင်လျှာတန်ပြန်ချိန်ညှိ ရန် ကြိုးပမ်းနေသည်။

အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားအပေါ် အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုတင်းကျပ်စွာလုပ်ဆောင်လျက်ရှိရာ လွန်ခဲ့သည့် နှစ်နှစ်အတွင်းတရုတ်သည် ရုရှား၏ ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံဖြစ်လာခဲ့သည်။     

ယူကရိန်းငြိမ်းချမ်းရေးအတွက် တရုတ်အနေဖြင့် ရုရှားအပေါ် ၎င်း၏သြဇာလွှမ်းမိုးမှုကို အသုံးချရန် အနောက်နိုင်ငံများက တရုတ်ကို တောက်လျှောက်တိုက်တွန်းခဲ့သော်လည်း တရုတ်ကမူ ကြားနေနိုင်ငံအဖြစ်သာ ရပ်တည်သည်ဟု အခိုင်အမာဆိုထားသည်။

တရုတ်သည် ရုရှား၏အခြေခံ စစ်လက်နက်ထုတ်လုပ်ရေး ကဏ္ဍအတွက် ကုန်ကြမ်းပစ္စည်းများ ဆက်လက်ပံ့ပိုးနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ဘယ်ဂျီယမ်နိုင်ငံ ဘရက်ဆဲလ်မြို့တွင် ရောက်ရှိစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

ရုရှား၏စစ်လက်နက် ဝယ်ယူရေးကို အကူအညီပေးနေသည့် အကျိုးဆက်များအတွက် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း တရုတ်တာဝန်ရှိသူများကို သတိပေးခဲ့သည်ဟု သိရသည်။          

Ref: AFP

Most Read

Most Recent