ဂါဇာရှိ ပါလက်စတိုင်းပြည်သူများကို အကူအညီပေးရန် အမေရိကန်က ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည်

ဂါဇာရှိ ပါလက်စတိုင်းပြည်သူများကို အကူအညီပေးရန် အမေရိကန်က ယာယီဆိပ်ကမ်းတစ်ခု တည်ဆောက်မည်
ရာဖာ ဒုက္ခသည်စခန်း၌ ကလေးများအား အိမ်လုပ်သကြားလုံးများ လိုက်ရောင်းနေသော ပါလက်စတိုင်း မိန်းကလေးကို မတ် ၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ရာဖာ ဒုက္ခသည်စခန်း၌ ကလေးများအား အိမ်လုပ်သကြားလုံးများ လိုက်ရောင်းနေသော ပါလက်စတိုင်း မိန်းကလေးကို မတ် ၇ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 8 March 2024

ဂါဇာစစ်ပွဲ အချိန်ငါးလကြာမြင့်လာပြီးနောက် အငတ်ဘေးဆိုက်မည်ဟူသော သတိပေးမှုများ အကြိမ်ကြိမ်ရှိလာသည့်အနေအထားတွင် အကူအညီများပေးနိုင်ရေးအတွက် ဂါဇာတွင် ယာယီဆိပ်ကမ်း ထူထောင်ရန် သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်စစ်တပ်ကို ညွှန်ကြားလိုက်သည်ဟု မတ် ၇ ရက်တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဟားမာ့စ် စေ့စပ်ဆွေးနွေးသူများသည် ကာတာရှိ ဟားမာ့စ်ခေါင်းဆောင်ပိုင်းနှင့်တိုင်ပင်ရေးအတွက် အီဂျစ် ဆွေးနွေးပွဲများမှ ထွက်ခွာသွားခဲ့ပြီးနောက် ရာမာဒန်ဥပုသ်လမတိုင်မီ အစ္စရေး-ဟားမာ့စ် အပစ်အခတ် ရပ်စဲမှုအသစ်ရရှိရန် မျှော်လင့်ချက်များ မှေးမှန်သွားခဲ့သည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းတွင် နောက်ထပ်လူ ၈၃ ဦးသေဆုံးသွားသည်ဟု  ဟားမာ့စ်အုပ်ချုပ်နေသော ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့ကြောင့် ဂါဇာတွင် သေဆုံးသူစုစု ပေါင်းသည် ၃၀,၈၀၀ ရှိသွားပြီဟုဆိုသည်။ သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဂါဇာမြောက်ပိုင်းရှိ ဂါဘာလီယာမြေလွတ်မြေရိုင်းများပေါ်တွင် နေထိုင်နေသော ပါလက်စတိုင်းသားများသည် အစားအစာများကို ရယူရန် အစားအသောက် ဖြန့်ဖြူးပေးရာ နေရာများသို့စုရုံးရောက်ရှိနေကြသည်။

“အစားအစာတွေကို ချက်ပြုတ်ဖို့ ဂက်စ်မရှိပါဘူး။ ဂျုံလည်းမရှိပါဘူး။ ဆန်လည်းမရှိပါဘူး”ဟု အပျက်အစီးများအကြား မည်းနက်နေသော ဟင်းအိုးကြီးများ၏ဘေးတွင်ရပ်လျက် ဘာဆမ်ဘယ်လ်ဟူးက ပြောသည်။

ကလေးများသည် ဆာလောင်နေခြင်းကြောင့် လမ်းများပေါ်တွင် သေအံ့မူးမူးဖြစ်နေကြပြီး အားနည်းနေကြသည်ဟု ၎င်းက ပြောသည်။

ဘိုင်ဒင်သည် မတ် ၇ ရက် ညပိုင်းတွင် ကွန်ဂရက်ကို မိန့်ခွန်းပြောသည့်အခါ ဂါဇာအတွင်းယာယီဆိပ်ကမ်းတစ်ခု ထူထောင်မည့်အကြောင်း ပြောကြားရန် စီစဉ်ထားသည်ဟု တာဝန်ရှိသူများက ပြောသည်။ ယင်းသည် ဂါဇာ၌ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာသည့်တိုင် အစ္စရေးကို ခိုင်ခိုင်မာမာထောက်ခံကြောင်း ပြောကြားနေသည့် သမ္မတဂျိုးဘိုင်ဒင်ရင်ဆိုင်နေရသည့် နိုင်ငံရေးဖိအား၏ လက္ခဏာဖြစ်သည်ဟု ဆိုသည်။

ဖွင့်လှစ်မည့် ဆိပ်ကမ်းသို့အကူအညီများ စတင်မပေးပို့မီ သီတင်းပတ်ချီကြာမြင့်ဦးမည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့ရာတွင် အမေရိကန်အစိုးရသည် အစ္စရေးတို့ကို စောင့်နေလိမ့်မည် မဟုတ်ဟုဆိုသည်။

“ကျွန်တော်တို့က အစ္စရေးတွေကို စောင့်နေမှာမဟုတ်ပါဘူး။ ဒါဟာ အမေရိကန်ခေါင်းဆောင်ပိုင်းက လုပ်တဲ့ ကိစ္စဖြစ်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။ ဂါဇာသို့ နောက်ထပ် အကူအညီ ရိက္ခာများခွင့်ပြုပေးရန် အစ္စရေး၏ပျက်ကွက်မှုကို အိမ်ဖြူတော်က စိတ်ပျက်မှုတိုးလာနေသည့် အနေအထားဖြစ်သည်ဟု ဆိုသည်။

မြေပြင်တွင် အမေရိကန်စစ်သားများ ပါဝင်လိမ့်မည်မဟုတ်ဟုတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အမေရိကန်စစ်သားများသည် ကမ်းလွန်တွင်နေကြမည်ဖြစ်ကာ ကုန်းပေါ်က ကိစ္စများကို မဟာမိတ်များက စီမံ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ယာယီ ဆိပ်ခံတံတားဖြစ်တဲ့ ဒီဆိပ်ကမ်းဟာ ရိက္ခာအကူအညီတွေကို နေ့တိုင်းကုန်တင်ကား ရာဂဏန်းနဲ့ပို့ဆောင်နိုင်အောင်လုပ်ပေးမှာဖြစ်ပါတယ်”ဟု အကြီးတန်းအမေရိကန်တာဝန်ရှိသူက သတင်း ထောက်များကို ပြောကြားခဲ့သည်။

“အရေအတွက် များပြားတာကြောင့် စီစဉ် ဆောင်ရွက်ရတာတွေဟာ သီတင်းပတ်ချီကြာပါလိမ့်မယ်။ ဆိုက်ပရပ်ကနေ ရေကြောင်းနဲ့ အကူအညီတွေ ပို့တဲ့လမ်းကြောင်းလည်း ပါဝင်ပါလိမ့်မယ်”ဟု အမေရိကန်တာ ဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုကိစ္စအတွက် ဆိုက်ပရပ်စ်တာဝန်ရှိသူများနှင့် ဆွေးနွေးမည်ဟု ဆိုသည်။          

Ref: AFP

Most Read

Most Recent