အာရှသည် ၂၀၂၃ ခုနှစ်တွင် ရာသီဥတု၊ မိုးလေဝသတို့နှင့် ဆက်စပ်နေသော ဘေးအန္တရာယ်များကို အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရသည့်ဒေသ ဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ ထုတ်ပြန်

အာရှသည် ၂၀၂၃ ခုနှစ်တွင် ရာသီဥတု၊ မိုးလေဝသတို့နှင့် ဆက်စပ်နေသော ဘေးအန္တရာယ်များကို အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရသည့်ဒေသ ဖြစ်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ ထုတ်ပြန်
တရုတ်နိုင်ငံ ကျင်းယန်မြို့၌ ရေကြီးနေပုံကို ဧပြီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
တရုတ်နိုင်ငံ ကျင်းယန်မြို့၌ ရေကြီးနေပုံကို ဧပြီ ၂၂ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 23 April 2024

အာရှသည် ၂၀၂၃ ခုနှစ်တွင် ရာသီဥတုအန္တရာယ်များ၊ မိုးလေဝသအန္တရာယ်များမှ  ကမ္ဘာ့အဆိုးရွားဆုံး ဘေးအန္တရာယ်ထိခိုက်သော ဒေသဖြစ်သည်ဟု ကုလသမဂ္ဂ၏ကမ္ဘာ့ မိုးလေဝသအဖွဲ့က ဧပြီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရေကြီးမှုများ၊ မုန်တိုင်းများသည် ထိခိုက်ဆုံးရှုံးမှုများနှင့် စီးပွားရေးဆိုင်ရာထိခိုက်မှုများကို အဓိက ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

လွန်ခဲ့သောနှစ်တွင် ကမ္ဘာလုံးဆိုင်ရာအပူချိန်များသည် စံချိန်တင်မြင့်တက်ခဲ့သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့က ဖော်ပြခဲ့ပြီး အာရှသည် အထူးသဖြင့် လျင်မြန်သောနှုန်းဖြင့် ပူနွေးနေသည်ဟု ဆိုသည်။

အာရှ၌ဖြစ်ပေါ်သည့် အပူလှိုင်းများသည် ပိုမို ပြင်းထန်လာနေပြီး ရေခဲမြစ်များအရည်ပျော်ခြင်းက ဒေသ၏အနာဂတ် ရေဖူလုံမှုကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။

အာရှဒေသသည် တစ်ကမ္ဘာလုံးပျမ်းမျှ အပူချိန်ထက် ပိုမိုလျင်မြန်စွာပူနွေးနေပြီး လွန်ခဲ့သောနှစ်တွင် အပူချိန်များသည် ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ ကာလတွင်ရှိခဲ့သော ပျမ်းမျှအပူချိန်များထက် နှစ်ဒီဂရီ ဆဲလ်စီယပ်နီးပါး ပိုများနေသည်ဟု ကမ္ဘာ့မိုး လေဝသအဖွဲ့ဖော်ပြခဲ့သည်။

“ထုတ်ပြန်ချက်ရဲ့ကောက်ချက်တွေဟာ အလေးအနက်ဆင်ခြင်စရာတွေဖြစ်နေပါတယ်”ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့အကြီးအကဲ ဆယ်လက်စတီဆူလိုက ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

“အာရှဒေသမှာရှိတဲ့ နိုင်ငံအများအပြားဟာ ၂၀၂၃ ခုနှစ်မှာ သူတို့ရဲ့စံချိန်တင် အပူဆုံးနှစ်ကို ကြုံတွေ့ခဲ့ကြရပါတယ်။ အဲဒါအပြင် မိုးခေါင်တာတွေ၊ အပူလှိုင်းကျတာတွေကနေ ရေကြီးတာတွေနဲ့ မုန်တိုင်းတွေအထိ ပြင်းထန်တဲ့အခြေအနေ တစ်သီတစ်တန်းကြီးကိုလည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်”ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

“ရာသီဥတုပြောင်းလဲမှုဟာ အဲဒီလိုဖြစ်ရပ်တွေ အကြိမ်ကြိမ်ဖြစ်တာ၊ ဖြစ်ပွားမှုပြင်းထန်တာတွေကို ပိုများလာစေခဲ့ပါတယ်။ လူ့အဖွဲ့အစည်း၊ စီးပွားရေးတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။ အဲဒါတွေထက် ပိုအရေကြီးတာကတော့ လူ့အသက်တွေနဲ့ ကျွန်မတို့နေထိုင်နေတဲ့ ပတ်ဝန်းကျင်တို့ကို ထိခိုက်စေတာပဲဖြစ်ပါတယ်”ဟု ၎င်းက ဖော်ပြခဲ့သည်။

၂၀၂၃ ခုနှစ် အာရှ ရာသီဥတုအခြေအနေ အစီရင်ခံစာတွင် မျက်နှာပြင်အပူချိန်များ၊ ရေခဲမြစ်ခန်းခြောက်မှုများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်းတို့လို အဓိကကျသည့် ရာသီဥတုပြောင်းလဲမှုအညွှန်းများ၏ လျင်မြန်လာသောနှုန်းကို အလေးပေးဖော်ပြထားပြီး ၎င်းတို့သည် ဒေသတွင်းလူ့အသိုင်းအဝိုင်းများ၊ စီးပွားရေးများ၊ ဂေဟစနစ်များအတွက် အလေးထားရမည့် ဂယက်ရိုက်မှုများဖြစ်သည်ဟု ဆက်လက်ဖော်ပြ ထားသည်။

“အာရှဟာ ၂၀၂၃ ခုနှစ်မှာမိုးလေဝသ၊ ရာသီဥတု၊ ရေတို့နဲ့ဆက်စပ်နေတဲ့ဘေးအန္တရာယ်တွေ ကမ္ဘာ့အပြင်းထန်ဆုံးထိခိုက်ရာဒေသအဖြစ် ဆက်လက်တည်ရှိနေပါတယ်”ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့၏ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဆိုက်ဘေးရီးယားအနောက်ပိုင်းမှ အာရှအလယ်ပိုင်းအထိ၊ တရုတ်အရှေ့ပိုင်းမှဂျပန်အထိ အထူးသဖြင့် ပျမ်းမျှထက်ပိုများသောအပူချိန်များ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ဂျပန်သည် စံချိန်တင်အပူဆုံးနွေရာသီကို ကြုံတွေ့ခဲ့သည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent