ဂါဇာ၌ အရေးတကြီးလိုအပ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးကို ညွှန်ကြား

ဂါဇာ၌ အရေးတကြီးလိုအပ်နေသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများရရှိရေး ဆောင်ရွက်ပေးရန် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးကို ညွှန်ကြား
ဂါဇာသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများတင်ထားသော အီဂျစ်လခြမ်းနီတံဆိပ်တပ် ကုန်တင်ကားများကို မတ် ၂၃ ရက်က ရာဖာနယ်စပ်ဂိတ်၌ တွေ့ရစဉ် (Photo: AFP)
ဂါဇာသို့ ပို့ဆောင်မည့် စားနပ်ရိက္ခာများတင်ထားသော အီဂျစ်လခြမ်းနီတံဆိပ်တပ် ကုန်တင်ကားများကို မတ် ၂၃ ရက်က ရာဖာနယ်စပ်ဂိတ်၌ တွေ့ရစဉ် (Photo: AFP)
Published 29 March 2024

ဂါဇာ၌ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အချိန်မဆိုင်းဘဲပေးရန် မတ် ၂၈ ရက်တွင် ကမ္ဘာ့ထိပ်တန်းတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)က အစ္စရေးကို ညွှန်ကြားလိုက်ပြီး ဂါဇာ၌ အငတ်ဘေးဆိုက်နေပြီဟု ပြောကြားခဲ့သည်။

အဝိုင်းခံထားရသော ဂါဇာကမ်းမြောင်၌ ပြင်းထန်သည့် လမ်းပေါ်ကတိုက်ပွဲများဖြစ်ပွားလျက်ရှိစဉ် ICJ ၏ ယခု ညွှန်ကြားချက်ထွက်လာခြင်းဖြစ်သည်။ အစ္စရေး-ဟားမာ့စ် စစ်ပွဲချက်ချင်း အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကို အတည်ပြုပြီးကတည်းက မည်သည့် အပြောင်းအလဲကိုမျှမမြင်ရသေးကြောင်း ဆေးဘက်ဆိုင်ရာ အန်ဂျီအိုအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

“အစ္စရေးဟာ ဂါဇာမှာ အရေးပေါ်လို အပ်နေတဲ့အခြေခံဝန်ဆောင်မှုတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အချိန်မဆိုင်းဘဲပေးနိုင်ဖို့ လိုအပ်တဲ့အစီအမံတွေနဲ့ ထိရောက်တဲ့ အစီအမံတွေကို ချမှတ် ဆောင်ရွက်ရပါမယ်”ဟု အပြည်ပြည်ဆိုင်ရာတရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအထဲတွင် အစားအစာ၊ရေ၊လျှပ်စစ် ၊လောင်စာ၊ခိုလှုံရာနေရာ၊အဝတ်အထည်၊ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များသာမက ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ဆေးဘက်ဆိုင်ရာ ကုသမှုတို့ပါဝင်သည်ဟု ထုတ်ပြန် ချက်တွင် တရားသူကြီးများက ဖော်ပြထားသည်။

“ပါလက်စတိုင်းပြည်သူတွေဟာ အငတ်ဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရတာ မဟုတ်တော့ပါဘူး။ အငတ်ဘေးဆိုက်နေတာ ဖြစ်ပါတယ်”ဟု သည်ဟိတ်မြို့တွင် အခြေစိုက်သော အပြည်ပြည်ဆိုင်ရာတရားရုံးက ဖော်ပြခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့် အစ္စရေးတွင် လူ ၁,၁၆၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့်သည် ဓားစာခံများအဖြစ် ဖမ်းဆီးခံခဲ့ရသည်။

ဂါဇာတွင် ဓားစာခံ ၁၃၀ ခန့် ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု အစ္စရေးကယုံကြည်ထားပြီး ဓားစာခံ ၃၃ ဦး သေဆုံးသွားပြီဟု ယူဆထားသည်။ ဂါဇာကမ်းမြောင်တွင်လည်း အစ္စရေးထိုးစစ်ကြောင့် ပါလက်စတိုင်း ၃၂,၅၅၂ ဦးသေဆုံးခဲ့သည်။

အစ္စရေးသည်ဂါဇာတွင် လူမျိုးတုံးသတ်ဖြတ်မှုကိုကျူးလွန်နေသည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တောင်အာဖရိက က တရားစွဲထားသည်။ တောင်အာဖရိက၏ စွပ်စွဲချက်ကို အစ္စရေးက ပြင်းထန်စွာငြင်းပယ် ထားသည်။

အစ္စရေးသည် ၁၉၄၈ ကုလသမဂ္ဂလူမျိုး တုံးသတ်ဖြတ်မှုသဘောတူညီချက်အရ ၎င်း၏တာဝန်ခံမှုများကို ချိုးဖောက်နေသည်ဟု တောင်အာ ဖရိကကပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကို ညွှန်ကြားရန် တရားရုံးကို တိုက်တွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်း သတင်းခေါင်းစီးများဖြစ်ခဲ့သော ဇန်နဝါရီလလယ်စီရင်ထုံးတွင် ICJ က အစ္စရေးလုပ်ဆောင်နေသောစစ်ဆင်ရေးများအတွင်း လူမျိုးတုံးသတ်ဖြတ်မှုကိုဟန့်တားရန် အားလုံး လုပ်ဆောင်ရမည်ဟု အစ္စရေးကို ပြောကြားခဲ့သည်။ ထို့အပြင်ဂါဇာ၌ လူသားချင်းစာနာမှုအခြေအနေ လျော့ပါး သွားစေရန် အစ္စရေးက လုပ်ပေးရမည်ဟု ICJ က ပြောကြားခဲ့သည်။          

Ref: AFP

Most Read

Most Recent