■ ဌာနတွင်း အာဏာလွန်ဆွဲမှုများ ရှိနိုင်သည့်အပေါ် စိုးရိမ်မှုများရှိနေစဉ် ထိုင်းနိုင်ငံရဲချုပ် တာဝန်မှ ယာယီ ဆိုင်းငံ့ခံရ

■ ဌာနတွင်း အာဏာလွန်ဆွဲမှုများ ရှိနိုင်သည့်အပေါ် စိုးရိမ်မှုများရှိနေစဉ် ထိုင်းနိုင်ငံရဲချုပ် တာဝန်မှ ယာယီ ဆိုင်းငံ့ခံရ
Published 21 March 2024

ထိုင်းနိုင်ငံ၏ ရဲချုပ်ဖြစ်သူနှင့် ၎င်း၏လက်ထောက်တစ်ဦးကို ဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင်း၏ ညွှန်ကြားချက်အရ တာဝန်မှ ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

၎င်း၏လက်ထောက်ဖြစ်သူသည် တရားမဝင် အွန်လိုင်းလောင်းကစားဂိုဏ်းနှင့် ပတ်သက်နေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်နေပြီး ရဲဌာနတွင်း အာဏာလွန်ဆွဲအားပြိုင်မှု ရှိနေနိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

ယမန်နှစ်အောက်တိုဘာလတွင် ရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် တော်ဆက်ဆူဝီမိုး နှင့် ၎င်း၏လက်ထောက်ရဲချုပ် တစ်ဦးဖြစ်သူ ဆူရာချိတ် ဟက်ပန်းတို့အား ရဲဌာနကို တိုက်ရိုက်ကြီးကြပ်နေသည့် ဝန်ကြီးချုပ်ရုံး၏ ရာထူးနေရာများသို့ ယာယီရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

ဆူရာချိတ်သည် တရားမဝင် အွန်လိုင်းလောင်းကစား ဝက်ဘ်ဆိုက်များနှင့် ပတ်သက်နေသည်ဟု စွပ်စွဲခံထားရပြီး ယင်းစွပ်စွဲချက်ကို ၎င်းက ငြင်းဆန်ထားသည်။

တရားမဝင် အကြီးစားအွန်လိုင်းလောင်းကစား ကွန်ရက်တစ်ခုကို ဖြိုခွင်းမှုနှင့် ဆက်နွှယ်နေသည်ဆိုသော စစ်ဆင်ရေးတစ်ရပ်အဖြစ် ယမန်နှစ် စက်တင်ဘာလက ဘန်ကောက်မြို့ရှိ ဆူရာချိတ်၏ နေအိမ်ကို ရဲတပ်ဖွဲ့က စီးနင်းခဲ့သည်။ အဆိုပါနေ့၌ပင် ဆူရာချိတ်၏ လက်အောက်ငယ်သားရှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ရဲချုပ်သစ်ကို တင်မြှောက်ရန်ရှိနေပြီး ယင်းနေရာအတွက် ဆူရာချိတ်က ထိပ်ဆုံးမှရေပန်းစားနေစဉ် အဆိုပါစီးနင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးနင်းမှုအပြီး ရက်ပိုင်းအကြာတွင် တော်ဆက်သည် ရဲချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။

ထိုင်းနိုင်ငံ၏ ရဲဌာနသည် ဌာနတွင်း အပြင်းအထန် မဲဆွယ်သည့် အစဉ်အလာရှိပြီး အဆင့်အသီးသီး၌ အဂတိလိုက်စားမှုများ ရှိနေသည်ဟု ကာလကြာမြင့်စွာ သတင်းထွက်ခဲ့သည်။

ယင်းရွှေ့ပြောင်းမိန့်သည် ချက်ချင်းအာဏာသက်ဝင်မည် ဖြစ်ကြောင်းနှင့် အခြေအနေကို စုံစမ်းစစ်ဆေးရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ထာဝီဆင်းက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ဆိုင်းငံ့မိန့်အား ရုပ်သိမ်းခြင်းပြုမပြုကို ရက်ပေါင်း ၆၀ အကြာတွင် စဉ်းစားဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။  

Ref: AP

 

Most Read

Most Recent