ယူကရိန်း၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် နယ်စပ်ဒေသမှ ကလေး ၉၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ ပစ်မှတ်ထားတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသည့် နယ်စပ်ဒေသမှ ကလေး ၉၀၀၀ ခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရန် စီစဉ်နေကြောင်း ရုရှား ပြောကြား
မတ် ၁၈ ရက်က ဘယ်လ်ဂိုရော့ဒေသတွင် ယူကရိန်း၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများကြားတွင် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၈ ရက်က ဘယ်လ်ဂိုရော့ဒေသတွင် ယူကရိန်း၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အအုံများကြားတွင် ကယ်ဆယ်ရေးသမားများကို တွေ့ရစဉ်(Photo:AFP)
Published 20 March 2024

ယူကရိန်း၏ လက်နက်ကြီးဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် ရုရှား နယ်စပ်ဒေသမှ ကလေး ၉၀၀၀ ခန့်ကို ဘေးလွတ်ရာနေရာရွှေ့ပြောင်းပေးရန် စီစဉ်နေသည်ဟု ရုရှားအရာရှိတစ်ဦးက မတ် ၁၉ ရက် တွင် ပြောကြားခဲ့ပြီး ယင်းသည် ရုရှား၏ ရှေ့တန်းစစ် မြေပြင်နောက်မှ ပစ်မှတ်များကို အာရုံစိုက် တိုက်ခိုက်နေသည့် ယူကရိန်း၏ လုပ်ဆောင်ချက်များကို ထင်ဟပ်စေခဲ့သည်။

ဘယ်လ်ဂိုရော့ဒေသမှ ကလေးများကို အရှေ့စွန်းစွန်းသို့ ရွှေ့ပြောင်းပေးမည်ဖြစ်ပြီး  ယင်းသို့ လုပ်ဆောင်ခြင်းဖြင့် ယူကရိန်းနယ်စပ်နှင့် ပိုမိုကွာဝေးစေလိမ့်မည်ဖြစ်ကြောင်း ဘယ်လ်ဂိုရော့ဒေသ အုပ်ချုပ်ရေးမှူး ဗယာချီဆလက် ဂဒက်ကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနယ်စပ်နှင့် ထိစပ်နေသည့် ၎င်း၏ ဒေသများကို ကာကွယ်ရန် ကြားခံနယ်တစ်ခု ထူထောင်လိုကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီး နောက်တစ်ရက်အကြာတွင် ယခုကြေညာ ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် ရုရှားနိုင်ငံအတွင်းရှိ ရေနံစက်ရုံများနှင့် ရေနံသိုလှောင်ရုံများကို တာဝေးပစ် လက်နက်များအသုံးပြုပြီး တိုက်ခိုက်မှုများကို တိုးမြှင့်နေပြီး ရုရှားနယ်စပ်ဒေသများကို တည်ငြိမ်မှုပျက်ယွင်းစေရန် ကြိုးပမ်းလျက်ရှိကာ ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ပူတင်အပေါ် နိုင်ငံရေးဖိအားများ တိုးမြှင့်နေခြင်းဖြစ်သည်။

ထို့ပြင် ယူကရိန်းနိုင်ငံအတွင်းရှိ ပူတင်အားဆန့်ကျင်သည့် ရုရှားနိုင်ငံသားများကလည်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိသည်။

ပူတင်သည် မတ် ၁၉ ရက်က ရုရှားထောက်လှမ်းရေးအဖွဲ့ FSB ၏ ထိပ်သီးအရာရှိများနှင့် အစည်းအဝေးပြုလုပ်ချိန်အတွင်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။

ဘယ်လ်ဂိုရော့ဒေသ၏ အရပ်သားများ နေထိုင်သည့် ဒေသများတွင် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

အုပ်ချုပ်ရေးမှူး ဂလက်ကော့ဗ်၏ အဆိုအရ ပြီးခဲ့သည့် သီတင်းပတ်တစ်ပတ်အတွင်းမှာပင် ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် လူ ၁၆ ဦးသေဆုံးကာ ၉၈ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

မတ် ၁၆ ရက်ကလည်း ပူတင်သည် လုံခြုံရေးအခြေအနေများကြောင့် စျေးဝယ်ကုန်တိုက်များကို မတ် ၁၈ ရက်၊ စာသင်ကျောင်းများကို မတ် ၁၉ ရက်အထိ ပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ဘယ်လ်ဂိုရော့ဒေသမှ ကလေးများကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုအစီအစဉ်သည် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက အကြီးမားဆုံး လူသိရှင်ကြား ကြေညာချက်တစ်ခု ဖြစ်သည်။

ကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများအပါအဝင် လူ ၁၀၀၀ ခန့်ကို ပြီးခဲ့သည့် နှစ် ဇွန်လက ရုရှား၏ အခြားဒေသများသို့ နေရာရွှေ့ပြောင်းပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်အတွင်း ထိုကဲ့သို့ နေရာရွှေ့ပြောင်းမှုများ ရှိခဲ့သည့် သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယခုနောက်ဆုံး နေရာရွှေ့ပြောင်းမှု အမိန့်ထုတ်ပြန်ချက်တွင် ကလေးများကို အဖော်အဖြစ်လိုက်ပါရန် အရွယ်ရောက်ပြီးသူများကို လိုက်ပါခွင့်ပြု မပြုကို ရှင်းလင်းစွာ မသိရသေးပေ။ အရွယ်ရောက်ပြီးသူများကို ပါ အဖော်အဖြစ်လိုက်ပါခွင့်ပြုပါက ဘေးလွတ်ရာရွှေ့ပြောင်းမည့် လူအရေအတွက်သည် ပိုမိုမြင့်မားလာနိုင်သည်။  Ref:AFP

Most Read

Most Recent