ကိုယ်စားလှယ်များ သဘောထား မတိုက်ဆိုင်မှုများကြောင့် ဟေတီ အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းရန် အချိန်ကြန့်ကြာလျက်ရှိ

ကိုယ်စားလှယ်များ သဘောထား မတိုက်ဆိုင်မှုများကြောင့် ဟေတီ အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းရန် အချိန်ကြန့်ကြာလျက်ရှိ
အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဟေတီတွင် မီးရှို့ဖျက်ဆီးခံထားရသော ကားများကို  မတ် ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဟေတီတွင် မီးရှို့ဖျက်ဆီးခံထားရသော ကားများကို  မတ် ၂၅ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 26 March 2024

ဟေတီ၏အသွင်ကူးပြောင်းရေး ကောင်စီကို မည်သူဦးဆောင်သင့်သလဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကိုယ်စားလှယ်ချင်း သဘောထားမတိုက်ဆိုင်မှုများက အသွင်ကူးပြောင်းရေးကောင်စီ တရားဝင်ဖွဲ့စည်းမှုကို အဟန့်အတားဖြစ်စေသည်ဟု မတ် ၂၅ ရက်တွင် ကိုယ်စားလှယ်တစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ကာရီဘီယံဒေသတွင်း နိုင်ငံဖြစ်သော ဟေတီ၏ဖြစ်ပေါ်နေဆဲ လုံခြုံရေးအကျပ်အတည်းကို လွှမ်းမိုးထားသော ပြဿနာသည် နိုင်ငံရေးအကျပ်အတည်းတစ်ခုဖြစ်သည်။ ဟေတီသည် ၂၀၂၁ ခုနှစ်တွင် သမ္မတဂျိုဗီနယ် မွိုက် လုပ်ကြံခံရကတည်းက ဝန်ကြီးချုပ်အေရီရယ်ဟင်နရီ ဦးဆောင်နေရသော နိုင်ငံဖြစ်ပြီး ၂၀၁၆ ကတည်းက ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

ဟေတီသည် လူထုမကြိုက်သော ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချရန် ရည်ရွယ်သည့် လူဆိုးဂိုဏ်း အကြမ်းဖက်မှုများ မကြာသေးမီက ဖြစ်ပွားခဲ့သည်။

ဖိအားပေးမှုကြောင့် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီသည် မတ် ၁၁ ရက်တွင် နုတ်ထွက်မည်ဟု ကြေညာခဲ့ပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့,ဖွဲ့စည်းမှုကို စောင့်ဆိုင်းနေကြစဉ် ဝရုန်းသုန်းကားအခြေအနေများက ပြည်သူသန်းပေါင်းများစွာကို အကာအကွယ်ကင်းမဲ့သည့် အနေအထားဖြစ်စေခဲ့သည်။

ဟင်နရီ၏အစိုးရလက်ထက်တွင် လုံခြုံရေးအခြေအနေသည် ဆိုးရွားလာသောကြောင့် အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းပြီးသည်နှင့်တစ်ပြိုင်တည်း နုတ်ထွက်မည်ဟု ဝန်ကြီးချုပ်ဟင်နရီက ပြောကြားထားသည်။

သို့ရာတွင် ဟင်နရီက နုတ်ထွက်မည်ဟု မတ် ၁၁ ရက်တွင် ကြေညာပြီးကတည်းက ဟေတီ အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။ အဆိုပါအသွင်ကူးပြောင်းရေးကောင်စီကို ကုလသမဂ္ဂ၊ ဒေသတွင်းအဖွဲ့အစည်းဖြစ်သော ကာရီကွန် ၊အခြားသောနိုင်ငံများက ထောက်ခံထား သည်ဆိုသော်လည်း အသွင်ကူးပြောင်းရေးကောင်စီကို ဖွဲ့စည်းနိုင်ခြင်းမရှိသေးပေ။

မဲပေးရွေးချယ်ရမည့် ပုဂ္ဂိုလ် ခုနစ်ဦး၊ မဲပေးရွေးချယ်ခြင်းမပြုသောပုဂ္ဂိုလ် နှစ်ဦးတို့ဖြင့်ဖွဲ့စည်းမည့် အသွင်ကူးပြောင်းရေးကောင်စီတွင် ဟေတီနိုင်ငံရေးပါတီများမှလည်းကောင်း၊ ပုဂ္ဂလိက နယ်ပယ်မှလည်းကောင်း  ပုဂ္ဂိုလ်များပါဝင်မည်ဖြစ်သည်။ လောလောလတ်လတ်ရွေးကောက်ပွဲများ ကျင်းပရေးအတွက် ယာယီဝန်ကြီးချုပ်နှင့် ယာယီအစိုးရအဖွဲ့တို့ကို အသွင်ကူးပြောင်းရေးကောင်စီက ရွေးချယ်မည်ဖြစ်သည်။

အသွင်ကူးပြောင်းရေးကောင်စီဖွဲ့စည်းရန်ကိစ္စသည် ခက်ခက်ခဲခဲဆွေးနွေးမှုများ လုပ်ဆောင်နေရသည့်အနေအထားတွင် အချိန်ကြာမြင့်လျက်ရှိသည်။ ထို့အပြင် ဟေတီနိုင်ငံရေးညွန့်ပေါင်းက ရွေးချယ်ထားသော ယူနက်စကိုဆိုင်ရာ ဟေတီသံအမတ်ဒေါမနစ်ဒပိုင်းသည် မိန်းမမုန်းသော တိုက်ခိုက်မှုများ ကြောင့်လည်းကောင်း၊ ၎င်းနှင့် ၎င်း၏မိသားစုကို ခြိမ်းခြောက်မှုများကြောင့်လည်းကောင်း ၎င်းသည် အသွင်ကူးပြောင်းရေးကောင်စီတွင် ပါဝင်တော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ကောင်စီ ဖွဲ့စည်းရေးသည် အချိန်ကြာမြင့်သွားနိုင်သည်ဟု သုံသပ်မှုများရှိနေသည်။

၎င်းသည် ကောင်စီတွင် တစ်ဦးတည်းသော အမျိုးသမီးကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎င်း၏နေရာတွင် ဒိုမီနီကန်ဆိုင်ရာ ဟေတီသံအမတ်ဟောင်း ဆမစ်သြဂတ်စတင်းကို အစားထိုးထားသည်ဟု သိရသည်။

တရားဝင်အသွင်ကူးပြောင်းရေးကောင်စီ ဖွဲ့စည်းရန် လတ်တလော ကြန့်ကြာနေရသည့်အကြောင်းမှာ ယင်းကောင်စီကိုမည်သူဦးဆောင်မလဲဆိုသည့် ကိစ္စနှင့်ပတ်သက်၍ သဘောထားမတိုက်ဆိုင်မှုများရှိနေခြင်း ကြောင့်ဖြစ်သည်ဟု ကိုယ်စားလှယ်တစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

အစည်းအဝေးများကို မတ် ၂၃၊ ၂၄ နှင့် ၂၅ ရက် နံနက်ပိုင်းတို့တွင် ပြုလုပ်ခဲ့ပြီး မတ် ၂၅ ရက်တွင်လည်း ကာရီကွန်အဖွဲ့နှင့်အစည်း အဝေးရှိနေသည်။                        

Ref: AFP

Most Read

Most Recent