နာမည်ကျော် ဘရာဇီးဓာတ်ပုံဆရာနှင့် လူ့အဖွဲ့အစည်း

နာမည်ကျော် ဘရာဇီးဓာတ်ပုံဆရာနှင့် လူ့အဖွဲ့အစည်း
Published 21 April 2024

သူ့အသက်သည် ၈၀ ရှိနိုင်သည်။ သို့သော်လည်း ကျွန်ုပ်တို့၏ ပတ်ပတ်လည်တွင်ရှိသော ကမ္ဘာလောကကို ဓာတ်ပုံမှတ်တမ်းတင်ရင်း ဆယ်စုနှစ်ငါးခု ကုန်ဆုံးခဲ့သော ဘရာဇီးလူမျိုး ဓာတ်ပုံဆရာ ဆီဗက်ရှန် ဆဲလ်ဂါဒိုသည် ကင်မရာကိုဘေးချိတ်ပြီး အနားယူရန် အသင့်မဖြစ်သေးပါ။

အမေဇုန်သစ်တော ပုံများအတွက် အထူးသဖြင့် ထင်ရှားသော ဆဲလ်ဂါဒိုသည် ကမ္ဘာ၏သစ်တော ပြုန်းတီးမှုအကြောင်း သတိပြုမိကြအောင်လုပ်ပေးရန် လိုအပ်နေဆဲဟု ပြောသည်။

“ဓာတ်ပုံပညာဟာ လူ့အဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ကြေးမုံတစ်ချပ် ဖြစ်ပါတယ်”ဟု ၎င်း၏နှစ် ၅၀ ဓာတ် ပုံဆရာဘဝကို ပြန်လည် ပြသဘော လန်ဒန်ပြပွဲ၏ အစပိုင်းတွင် အေအက်ဖ်ပီသတင်းဌာနနှင့်ပြုလုပ် သောအင်တာဗျူး၌ ၎င်းက ဖြေကြားခဲ့သည်။

ဇရာပိုင်းအသက်အရွယ်ကို ရောက်လာပြီဖြစ်သော်လည်း ဆဲလ်ဂါဒိုသည် အလုပ်လုပ်နေဆဲဖြစ်ပြီး အကြောင်းကိစ္စရပ်များကို မတူကွဲပြားစွာ မိမိတို့အတူတကွ လုပ်ဆောင်နိုင်သည်ဟူသော အချက်ကို လူများ သတိပြုမိအောင် လုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

“အဲဒီနည်းလမ်းအတိုင်းဆိုရင် ဇီဝမျိုးစုံကွဲအတွက် ကျွန်တော်တို့ မှီခိုနေရတဲ့ ဒီသစ်တောကြီးကို ကျွန်တော်တို့ ကယ်ဆယ်နိုင်ပါလိမ့်မယ်။ အမေဇုန်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကြီးကျယ်လှတဲ့ ယဉ်ကျေးမှု နယ်မြေကိုလည်း ကျွန်တော်တို့ ကယ်ဆယ်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

၁၉၉၈ ခုနှစ်တွင် ဇနီးသည် လေလီယာနှင့်အတူ ဘရာဇီး အမေဇုန်တောနှင့် ကမ္ဘာဂြိုဟ်ကို ပြန်လည် ထိန်းသိမ်းခြင်းတို့အတွက် တာရာအဖွဲ့အစည်းကို ဖန်တီးခဲ့သည်။

ကိုယ့်ဘာသာ လေ့လာဆည်းပူးနေသော ဓာတ်ပုံဆရာ ဆဲလ်ဂါဒိုသည် ကမ္ဘာတစ်ဝန်း လူ့အဖွဲ့အ စည်းနှင့်သက်ဆိုင်သော သရုပ်ဖော်ပုံများကြောင့် နိုင်ငံတကာဆုတံဆိပ်အမျိုးမျိုးကို ဆွတ်ခူးခဲ့သည်။ မကြာ သေးမီတွင် သူသည် အမေဇုန်မြစ်ဝှမ်းရှိ ပြည်သူများကို ပိုမိုအလေးထားလာခဲ့သည်။

“ကျွန်တော်တို့ဟာ အမေဇုန်ရဲ့ ၁၈ ဒသမ ၂ ရာခိုင်နှုန်းကို ဆုံးရှုံးထားပါတယ်။ ဒါပေမဲ့ ဒါဟာ အမေဇုန်ကို ဖျက်ဆီးခဲ့ကြတဲ့ ဘရာဇီးသားတွေ၊ ဒေသတွင်းနိုင်ငံတွေရဲ့ လက်ချက်ကြောင့်မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ စားသုံးသူလူ့အဖွဲ့အစည်းကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ အဲဒီလူ့အဖွဲ့အစည်းဟာ အ ကျိုးအမြတ်အတွက် သုံးစွဲဖို့အတွက် လိုအပ်ချက် သိပ်ကြီးနေတာကြောင့် ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ကမ္ဘာ၏သစ်တောပြုန်းတီးမှုသည် ၎င်းအဓိက စိုးရိမ်ရသည့် ကိစ္စမဟုတ်ပါ။

ရေပြတ်လပ်မှုသည် တစ်ကမ္ဘာလုံးပူနွေးလာမှုလို ဒုတိယမြောက် ပြဿနာဖြစ်သည်ဟု ၎င်းက ပြောသည်။

လန်ဒန်၏ ဆမ်းမားဆက်အိမ်တော်တွင် မေ ၆ ရက်အထိ ပြသသွားမည့် ဓာတ်ပုံပြပွဲတွင် ၎င်းရိုက်ကူးထားသော ဓာတ်ပုံ ၅၀ ကို ခင်းကျင်း ပြသထားသည်။

“ဒါဟာ လက်ရွေးစင် ဓာတ်ပုံတွေကို ပြသတဲ့ ပြပွဲဖြစ်ပါတယ်။ ဓာတ်ပုံဆရာသက်တမ်း အနှစ် ၅၀ မှာ ဓာတ်ပုံ ၅၀ ကို တင်ပြလို့မရနိုင်ပါဘူး။ ဒါပေမဲ့ ဒီဓာတ်ပုံတစ်ပုံချင်းစီဟာ အလွန်အရေးကြီးတဲ့ ကျွန် တော့်ဘဝရဲ့ အခိုက်အတန့်တစ်ခုစီကို ကိုယ်စားပြုနေပါတယ်”ဟု ဆဲလ်ဂါဒိုက ပြောသည်။

ဂုဏ်သတင်းကြီးသော ဆိုနီကမ္ဘာ့ဓာတ်ပုံပညာဆု ၂၀၂၄ တွင် ဆဲလ်ဂါဒိုသည် ဓာတ်ပုံပညာအတွက် ထူးထူးချွန်ချွန် စွမ်းဆောင်ခဲ့သူအဖြစ် ကြေညာခံရပြီး ဆုချီးမြှင့်ခံရပြီးနောက် ယခုဓာတ်ပုံပြပွဲကို ကျင်းပခြင်းဖြစ်သည်။

“ဒါဟာ တစ်ဘဝလုံးစာ အလုပ်အတွက် ဆုလာဘ်တစ်ခုဖြစ်ပါတယ်။ ဓာတ်ပုံဆရာဆိုတာ အကြောင်းအရာတွေ ဖြစ်ပျက်နေတဲ့နေရာကို အရောက်သွားရတဲ့ အခွင့်ထူးရှိထားသူဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

“ကျွန်တော်က ပန်းချီဆရာဖြစ်တယ်လို့ လူတွေက ပြောပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ပန်းချီဆရာ မဟုတ်ပါဘူးလို့ သူတို့ကို ပြောပြပါ တယ်။ ကျွန်တော်က ဓာတ်ပုံဆရာဖြစ်ပါတယ်။ ဓာတ်ပုံဆရာတစ် ယောက်ဖြစ်ရတာဟာ ကြီးမားတဲ့အခွင့်ထူးဖြစ်ပါတယ်။ ကျွန်တော်ဟာ လူ့အဖွဲ့အစည်းရဲ့တမန်တစ်ဦးပါ”ဟု သူကပြောသည်။

                                           Ref:AFP

Most Read

Most Recent