ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များစာရင်းတွင် ဗီယက်နမ်နိုင်ငံ၏ ဟနွိုင်းမြို့တော် ပါဝင်လာ

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့များစာရင်းတွင် ဗီယက်နမ်နိုင်ငံ၏ ဟနွိုင်းမြို့တော် ပါဝင်လာ
လေထုညစ်ညမ်းနေသည့် ဟနွိုင်းမြို့တော်၏ လမ်းပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်နေပုံကို မတ် ၅ ရက်က တွေ့ရစဉ် (Photo:AFP)
လေထုညစ်ညမ်းနေသည့် ဟနွိုင်းမြို့တော်၏ လမ်းပေါ်တွင် မော်တော်ယာဉ်များ မောင်းနှင်နေပုံကို မတ် ၅ ရက်က တွေ့ရစဉ် (Photo:AFP)
Published 6 March 2024

ဗီယက်နမ်နိုင်ငံ၏ ဟနွိုင်းမြို့တော်တွင် မတ် ၅ ရက်က ဆိုးရွားသည့် လေထုညစ်ညမ်းမှုများ ဖြစ်ပွားခဲ့သဖြင့် ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့များ စာရင်းတွင် ပါဝင်ခဲ့ပြီး မြို့တော်အတွင်း အမြင်အာရုံများ ရှင်းလင်းမှုမရှိဘဲ မြို့တော်အတွင်းရှိ လူကိုးသန်းနီးပါးသည် အဆိပ်သင့်လေကို ရှုရှိုက်ခဲ့ရသည်။

ဟနွိုင်းမြို့တော်သည် လေထုအရည်အသွေး လေ့လာစောင့်ကြည့်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် IQAir ၏ စာရင်းတွင် မတ် ၅ ရက် မွန်းလွဲပိုင်းက ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် ထိပ်ဆုံးနေရာက ပါဝင်ခဲ့သည်။

သွေးကြောမျှင်များထဲအထိ ဝင်ရောက်နိုင်သည်အထိ သေးငယ်သည့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုံအမွှားများဖြစ်သည့် P M 2.5 ညစ်ညမ်းပစ္စည်းများ၏ အဆင့်သတ်မှတ်ချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နှစ်စဉ်လမ်းညွှန်ချက်တွင် သတ်မှတ်ထားသည်ထက် ၂၄ ဆ ပိုမိုများပြားခဲ့သည်။

ဟနွိုင်းမြို့တော်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ အလွန်များပြားသည့် မော်တော်ဆိုင်ကယ်များနှင့် ကားများမှ ဓာတ်ငွေ့ထုတ်လွှတ်မှုများကြောင့် မကြာသေးမီနှစ်များကတည်းက ဟနွိုင်းသည် ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့များစာရင်းတွင် မကြာခဏ ပါဝင်ခဲ့သည်။

နိုင်ငံမြောက်ပိုင်းရှိ ကျောက်မီးသွေးစက်ရုံများမှ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုများနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ စိုက်ခင်းများ မီးရှို့မှုများသည် လေထုညစ်ညမ်းမှုကို ပိုမိုဆိုးရွားစေခဲ့သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက လေထုအရည်အသွေး ဆိုးရွားလာခဲ့တာကြောင့် ကျွန်တော်အပြင်ကိုထွက်ပြီး ဘယ်နေရာကိုပဲသွားသွား နှာခေါင်းစည်းဝတ်ဆင်ခဲ့ပါတယ်”ဟု ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ ငုယင်မင်ဟောင်က ပြောကြားခဲ့သည်။

“အသက်ရှူဖို့တောင် ခက်ပါတယ်။ အချိန်တိုင်း နှာချေနေပါတယ်။ အဲဒါကြောင့် အိမ်အပြင်မှာနေတဲ့ အချိန်ကို လျှော့ချခဲ့ရပါတယ်”ဟု ဟောင်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဟနွိုင်းမြို့တွင် မီးခိုးမြူများ ထူထပ်စွာကျဆင်းခဲ့သဖြင့် စိုထိုင်းဆမြင့်တက်ခဲ့ကာ ဒါဇင်နှင့် ချီသည့်လေကြောင်းလိုင်းများသည် လေထုညစ်ညမ်းမှုနှင့် အမြင်အာရုံရှင်းလင်းမှုမရှိသည့် သက်ရောက်မှုများကို ခံခဲ့ရသည်။

အထူးသဖြင့် ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ တောင်ထူထပ်သည့် နေရာဒေသများတွင် မြူများ ထူထပ်သိပ်သည်းစွာ ကျဆင်းနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းခဲ့သည်။

လေထုညစ်ညမ်းမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဟနွိုင်းမြို့၌ နေထိုင်သူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းသည် WHO က သတ်မှတ်ထားသည့် ပမာဏထက် P M 2.5 ညစ်ညမ်းပစ္စည်း များနှင့် ငါးဆနီးပါး ထိတွေ့ခဲ့ရကြောင်း ဖော်ပြခဲ့သည်။

လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် အဆုတ်ကင်ဆာများ အပါအဝင် ကျန်းမာရေးအရ ဆိုးရွားသည့် အခြေအနေများကို ခံစားရနိုင်ကြောင်း WHO က ပြောကြားခဲ့သည်။

ဗီယက်နမ်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် ကျန်းမာရေးပြဿနာများကြောင့် လူပေါင်း ၁၀ သန်းကျော် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း အစိုးရ၏ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC) က ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှင့် ဆက်နွှယ်သည့် ရောဂါများကို ခံစားခဲ့ရသည့် လူနာပေါင်း ၁၀ ဒသမ ၅ သန်းခန့်ရှိခဲ့သည်ဟု NECDC က မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

                             Ref:AFP

Most Read

Most Recent