အနာဂတ်တွင်ဖြစ်ပွားမည့် ကပ်ရောဂါအသစ်သည် တုပ်ကွေးရောဂါအမျိုးအစားဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

အနာဂတ်တွင်ဖြစ်ပွားမည့် ကပ်ရောဂါအသစ်သည် တုပ်ကွေးရောဂါအမျိုးအစားဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား
၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ လမ်းတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ဒေသခံများထံမှ အာခေါင်တို့ဖတ် နမူနာများကို ရယူနေစဉ်
၂၀၂၀ ပြည့်နှစ် မေ ၁၅ ရက်က တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ လမ်းတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများက ဒေသခံများထံမှ အာခေါင်တို့ဖတ် နမူနာများကို ရယူနေစဉ်
Published 21 April 2024

မဝေးတော့သည့်အနာဂတ်တွင် ဖြစ်ပွားမည့် ကပ်ရောဂါအသစ်သည် တုတ်ကွေးရောဂါကြောင့် ဖြစ်နိုင်ခြေအများဆုံးဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အတွင်း ထုတ်ပြန်မည့် နိုင်ငံတကာ စစ်တမ်းတစ်ခုတွင် အတွေ့အကြုံ ရင့်ကျက်သည့် ရောဂါရှာဖွေရေးကျွမ်းကျင်သူ စုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းက တုပ်ကွေးဗိုင်း ရပ်စ်သည် နောက်ထပ် ကမ္ဘာလုံးဆိုင်ရာ ပြင်းထန်သည့် ကူးစက်ရောဂါ၏ အကြောင်းရင်းခံ ဖြစ်လာလိမ့်မည်ဟု ယူဆခဲ့ကြသည်။

တုပ်ကွေးရောဂါသည် ကမ္ဘာ့အကြီးမားဆုံး ကပ်ရောဂါ ခြိမ်းခြောက်မှုဖြစ်သည်ဆိုသည့် ယူဆချက်ကို ကာလကြာရည် ပြုလုပ်ခဲ့သည့် သုတေသနအပေါ်တွင် အခြေခံခဲ့ခြင်းဖြစ်ပြီး တုပ်ကွေးသည် အဆင့်ဆင့် သန္ဓေ ပြောင်းလဲနေကြောင်း လေ့လာမှုကို လုပ်ဆောင်ခဲ့သည့် ကိုလုံးတက္ကသိုလ်မှ သုတေသနပညာရှင် ဂျွန် ဆယ်လ်မန်တန် ဂါစီယာ က ပြောကြားခဲ့သည်။

“ဆောင်းရာသီရောက်တိုင်း တုပ်ကွေးရောဂါက ပေါ်လာပါတယ်။ အဲဒါကို အသေးစား ကပ်ရောဂါတွေအဖြစ် သုံးနှုန်းနိုင်ပါတယ်။ သူတို့ (တုပ်ကွေးရောဂါ)တွေဟာ မျိုးကွဲတွေ အများကြီးရှိတာကြောင့် အရင်ကထက်ပိုပြီး အဖြစ်များတာ ဒါမှမဟုတ် ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာတာတွေ ရှိလာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အတွေ့အကြုံရင့်ကျက်သည့် သိပ္ပံပညာရှင် ၁၈၇ ဦးပါဝင်သည့် ဆန်းစစ်လေ့လာမှု၏ အသေးစိတ်အချက်အလက်များကို ယခုသီတင်းပတ်ကုန်တွင် စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ပြုလုပ်မည့် ဥရောပ အဏုဇီဝဗေဒနှင့် ကူးစက်ရောဂါဆိုင်ရာအဖွဲ့အစည်း (ESCMID) ညီလာခံတွင် ဖော်ပြသွားမည် ဖြစ်သည်။

 

တုပ်ကွေးရောဂါပြီးလျင် နောက်ထပ် ကပ်ရောဂါဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းတစ်ခုမှ Disease X ဟု အမည်ပေးထားသည့် ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်နိုင်ကြောင်း လေ့လာချက်တွင် ဖော်ပြထားသည်။

နောက်ထပ်ဖြစ်ပွားမည့် ကပ်ရောဂါသည် COVID-19 ရောဂါကို ဖြစ်ပွားစေသည့် Sars-CoV-2 ဗိုင်းရပ်စ်ကဲ့သို့ ရုတ်တ ရက်ပေါ်ပေါက်လာမည့် အမျိုးအမည်မသိရသေးသော အဏုဇီဝရုပ်တစ်ခုကြောင့် ဖြစ်နိုင်ကြောင်း လေ့လာမှုတွင်ပါဝင်သည့် ကျွမ်းကျင်သူများက ယူဆထားသည်။

မဝေးတော့သည့် အနာဂတ်တွင် ကပ်ရောဂါဖြစ်ပွားစေနိုင်သည့် အကြောင်းရင်းကို ခွဲခြားသတ်မှတ်ရာတွင် လေ့လာမှုတွင် ပါဝင်သည့် သိပ္ပံပညာရှင် ၁၅ ရာခိုင်နှုန်းက Sars-CoV-2 ဗိုင်းရပ်စ်ကို ထည့်သွင်းခဲ့မှုနှင့်အတူ သိပ္ပံပညာရှင်အချို့သည် အဆိုပါဗိုင်းရပ်စ်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေဆဲဖြစ်ကြောင်း ယူဆထားကြသည်။

လေ့လာမှုတွင် ပါဝင်သည့် သိပ္ပံပညာရှင် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းက လက်ဆာ၊ နီပါ၊ အီဘိုလာနှင့် ဇီကာ ဗိုင်းရပ်စ်ကဲ့သို့ ဆိုးရွားပြင်းထန်သည့် အဏုဇီဝရုပ်များကိုလည်း ကမ္ဘာလုံးဆိုင်ရာ ကြီးမားသည့် ခြိမ်းခြောက်မှု များအဖြစ် သတ်မှတ်ထားကြသည်။

“တုပ်ကွေးရောဂါဟာ အရမ်းစိုးရိမ်ရပြီး ကပ်ရောဂါဖြစ်နိုင်ခြေရှိတဲ့ နံပါတ် ၁ ခြိမ်းခြောက်မှုအဖြစ် ကမ္ဘာ့ သိပ္ပံပညာရှင်အများစု က ယူဆထားကြပါတယ်”ဟု ဆယ်လ်မန်တန်  ဂါစီယာက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီသည့် ကြက်ငှက်တုပ်ကွေးရောဂါများ ဖြစ်ပွားနေမှုကို စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။

                                     Ref:The Guardian

Most Read

Most Recent