လူငါးသိန်းကျော် သေဆုံးခဲ့သည့် ဆီးရီးယားပြည်တွင်းစစ် ၁၃ နှစ်ပြည့်ခဲ့ပြီ

လူငါးသိန်းကျော် သေဆုံးခဲ့သည့် ဆီးရီးယားပြည်တွင်းစစ် ၁၃ နှစ်ပြည့်ခဲ့ပြီ
Photo - AFP
Photo - AFP
Published 17 March 2024

ဆီးရီးယားစစ်ပွဲက လူပေါင်း ၅၀၇၀၀၀ ကျော်ကို သေဆုံးစေခဲ့သည် ဟု စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းနှင့်ပြည်ပတို့တွင် လူသန်းပေါင်းများစွာ စစ်ဘေးရှောင်ခဲ့ရသော ဆီးရီးယားစစ်ပွဲ၏ ၁၃ နှစ် မြောက် နှစ်ပတ်လည်မတိုင်မီ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့က ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ်မတ် ၁၅ ရက်တွင် ပေါ်ပေါက်ခဲ့သည့် ဆူပူမှုကို ဆီးရီးယားအစိုးရ၏ ရက်ရက်စက်စက်နှိမ်နင်းမှုက အင်အားအပြည့်ဖြစ်သော ပြည်တွင်းစစ်ပွဲကို ဖြစ်ပေါ်စေခဲ့ သည်။ အဆိုပါ ပြည်တွင်းစစ်တွင် ပြည်ပစစ်တပ်များနှင့် အပြည်ပြည်ဆိုင်ရာ ဂျီဟတ်များလည်း ပါဝင်ခဲ့ကြသည်။

အမျိုးသမီး ၁၅,၀၀၀ ကျော်နှင့် ကလေးသူငယ် ၂၅,၀၀၀ ကျော်အပါအဝင် အရပ်သား ၁၆၄,၀၀၀ ကျော်  သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော လူ့အခွင့်အရေးများအတွက် ဆီးရီး ယားစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်သားများ၊ အီရန်လိုလားသော အုပ်စုများမှ တိုက်ခိုက်ရေးသမားများ၊ ကာ့ဒ်ဦးဆောင်သော တပ်ဖွဲ့များ၊ ISIS အုပ်စုက ဂျီဟတ်များ အပါအဝင် တိုက်ခိုက်ရေးသမား ၃၄၃,၀၀၀ ကျော်လည်း သေဆုံးသူများထဲတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့သည် ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် သတင်းအရင်းအမြစ် ကွန်ရက်ရိိှထားသည်။

လွန်ခဲ့သောနှစ်များတွင် ရှေ့တန်းနေရာများ၌ တိတ်ဆိတ်သွားခြင်းနှင့်အတူ စုစုပေါင်း ကိန်းဂဏန်းသည် လွန်ခဲ့သော မတ်တွင် ၅၀၃,၀၀၀ မှ တိုးလာခြင်းဖြစ်သည်။

ဆီးရီးယားသမ္မတ အာရှာအယ်လ်အာဆက်သည် ပြည်တွင်းစစ် အစပိုင်းတွင် ဆုံးရှုံးခဲ့သော နယ်မြေများကို မဟာမိတ်များဖြစ်သော အီရန်၊ ရုရှားတို့၏အကူအညီဖြင့် တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်လာခဲ့သည် ဆိုသော်လည်း မြောက်ပိုင်းနယ်မြေ အများစုသည် အစိုးရထိန်းချုပ်မှု၏ ပြင်ပတွင် ရှိနေဆဲပင်ဖြစ်သည်။

ယခုနှစ်တွင် ဆီးရီးယားပြည်သူ ၁၆ ဒသမ ၇ သန်းသည် ၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ်စတင်ပြီး ကတည်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ သို့မဟုတ် အကာအကွယ်ပေးမှုအချို့ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။

စစ်ပွဲသည် ဆီးရီးယား၏ စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ စက်မှုလုပ်ငန်းတို့ကို ရုပ်ပျက်ဆင်း ပျက်ဖြစ်စေခဲ့သည်။ ထို့အပြင် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများက ဆီးရီးယားနိုင်ငံ၏အတိ ဒုက္ခများကို ပိုဆိုးစေခဲ့သည်။

ဆီးရီးယား၌ ပြည်တွင်း စစ်ဘေးရှောင် ပြည်သူ ၇ ဒသမ ၂ သန်း ရှိသည်ဟု ကုလသမဂ္ဂကထုတ်ပြန် ထားသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလထဲတွင် တူရကီနှင့် ဆီးရီးယားတို့ကို လှုပ်သွားသော မြေ ငလျင်သည် ဆီးရီးယား၏ပြဿနာများကို ပိုဆိုးစေခဲ့ပြန်သည်။

ဆီးရီးယားပြည်သူ ၉၀ ရာခိုင် နှုန်းသည် ဆင်းဆင်းရဲရဲ နေထိုင်နေရသည်ဆိုသော်လည်း ရန်ပုံငွေရရန် စိန်ခေါ်မှုများရှိနေခြင်းက အကူအညီများ ပေးပို့ရေးနှင့် ဝန်ဆောင်မှုများကို ထိခိုက်စေနိုင်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ တာဝန်ရှိသူ ဒေးဗစ်ကာဒင်က မကြာသေးမီက ပြောကြားခဲ့သည်။

၁၃ နှစ်ကြာ ပြည်တွင်းစစ်က ဆီးရီးယားနိုင်ငံတစ်ဝန်းရှိ ပြည်သူများအပေါ် ဆိုးရွားသော အကျိုး ဆက်များရှိစေခဲ့ရာ စိတ်ဖြင့်မှန်းဆကြည့်၍ပင် မရနိုင်သော နာကျင်မှုများကို ဖြစ်ပေါ်စေခဲ့သည်ဟု နိုင်ငံ တကာကြက်ခြေနီအဖွဲ့အတွက် ဒမတ်စကတ်အခြေစိုက် ပြောရေးဆိုခွင့်ရှိသူ ဆူဟဲရားဇက်ကောက်က ပြောကြားခဲ့သည်။

“ဆီးရီးယားဟာ ဆုံးရှုံးမှု၊ စစ်ဘေးရှောင်၊ စစ်ပွဲတို့ကို မျက်မြင်ကြုံလိုက်ကြရတဲ့ မျိုးဆက်တစ်ခုလုံး ရှိနေပါတယ်။ သူတို့တွေဟာ အဲဒါတွေကလွဲလို့ ဘာမှမသိကြပါဘူး”ဟု ဇက်ကောက်က ပြောကြားခဲ့သည်။

နိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်အတွက် ကုလသမဂ္ဂက ကမကထ လုပ်ပေးသော ကြိုးပမ်းအားထုတ်မှုများသည် ရပ်တန့်လျက်ရှိသည်။

ဆီးရီးယားသည် လွန်ခဲ့သော နှစ်တွင် အာရပ်လိဂ်ကို ပြန်ရောက်လာခဲ့သည်။ ထို့ကြောင့် အာဆက်သည် ဆယ်နှစ်ကျော် ဆိုင်းငံ့ခံခဲ့ရသည့် အာရပ်လိဂ်ကို ပြန်ရောက်လာခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ဆီးရီးယားမှတစ်ဆင့် ဥရောပစျေးကွက် သို့ချိတ်ဆက်ထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ကိစ္စနှင့်ပတ်သက်၍ရုရှား၊ အမေရိကန်၊ ဒေသတွင်းရှိ ၎င်းတို့၏ မဟာမိတ်များ ရန်ငြိုးကြောင့် ဖြစ်ရသည်ဟု သုံးသပ်မှုများ ရှိနေသည်။

ပြည်တွင်းစစ်ကြောင့် ဆီးရီးယားသည် များစွာအထိနာခဲ့ရသည်။ အထူးသဖြင့် ဆီးရီးယားပြည်သူများ ၏ အသက်အိုးအိမ်စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြရသည်။ ၁၃ နှစ်ကြာ ပြည်တွင်းစစ်သည် လူ့အသက်များစွာကို နုတ်ယူသွားခဲ့သည်။     

                                Ref:AFP

Most Read

Most Recent