လာမည့်ရက်ပိုင်းအတွင်း ဂါဇာသို့ စားနပ်ရိက္ခာအကူအညီများကို ရေကြောင်းမှတစ်ဆင့် ထပ်မံပေးပို့သွားမည်ဟု ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

လာမည့်ရက်ပိုင်းအတွင်း ဂါဇာသို့ စားနပ်ရိက္ခာအကူအညီများကို ရေကြောင်းမှတစ်ဆင့် ထပ်မံပေးပို့သွားမည်ဟု ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Open Arms အန်ဂျီအို အဖွဲ့၏အဖွဲ့သားများ လာနာကာဆိပ်ကမ်းတွင် ဂါဇာသို့ပို့ဆောင်မည့် ရိက္ခာများ တင်နေသည်ကို မတ် ၉ ရက်တွင်တွေ့ရစဉ်(Photo-Reuters)
Open Arms အန်ဂျီအို အဖွဲ့၏အဖွဲ့သားများ လာနာကာဆိပ်ကမ်းတွင် ဂါဇာသို့ပို့ဆောင်မည့် ရိက္ခာများ တင်နေသည်ကို မတ် ၉ ရက်တွင်တွေ့ရစဉ်(Photo-Reuters)
Published 14 March 2024

လာမည့်ရက်ပိုင်းအတွင်းတွင် ဆိုက်ပရပ်မှ ဂါဇာသို့ ဒုတိယအကြိမ် ရိက္ခာအကူအညီများ ပေးပို့သွားမည်ဟု မတ် ၁၃ ရက် တွင် ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

စစ်ဒဏ်သင့် ဂါဇာကမ်းမြောင်ကို ရေကြောင်းဖြင့် ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ရာတွင် ဆိုက်ပရပ်ကျွန်းသည် အရေးပါသော ကဏ္ဍမှပါဝင်လာသည်ဟူသော လက်ခံမှုများ တိုးလာကြောင်း ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီး ကွန်စတန်နီနော့ကွမ်ဘော့က ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုုင်းဒေသနှင့် အနီးကပ်ဆုံးသော ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံ ဆိုက်ပရပ်သည် ဂါဇာကို ကုန်းလမ်းဖြင့် အကူအညီများပေးပို့ရာတွင် စိုးရိမ်စရာကောင်းသည့် အခက်အခဲများရှိနေခြင်းကြောင့် ရေ လမ်းကြောင်းမှ တစ်ဆင့်ပေးပို့မည့် ၎င်း၏ အစီအမံများကို လက်ခံရန် လချီစည်းရုံး လှုံ့ဆော်ခဲ့ရသည်။

“အရေးအကြီးဆုံးကတော့ ဒီဆိုးရွားတဲ့ အခြေအနေကို ရောက်နေကြရှာတဲ့ လူတွေအတွက် အလွန်အမင်းလိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ကြိုးစားတာဖြစ်ပါတယ်”ဟု ကွမ်ဘော့က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါကို ကျွန်တော်တို့ ချည်းပဲလုပ်လို့မရပါဘူး။ လိုလိုချင်ချင် လုပ်ပေးတဲ့ အုပ်စုတွေ လိုအပ်ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်မှာ အလွန်လျင်မြန်တဲ့နှုန်းတဲ့ အခုအခြေအနေကို ရောက်လာတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ရေကြောင်းဖြင့် အကူအညီများ ပို့ဆောင်ခြင်းကို ချိတ်ဆက်ဆောင်ရွက်ရမည့် နောက်ထပ်အဆင့်များကို အွန်လိုင်းမှ ဆွေးနွေးသွားမည်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို ဘလင်ကင်၊ ဗြိတိန် နိုုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်၊ ယူအေအီး နိုင်ငံခြားရေးဝန်ကြီး ရှိတ်အဗ္ဗဒူလာ ဘင်ဇာယက်၊ ဥရောပသမဂ္ဂ(အီးယူ)၏ ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ကြမည်ဟု ဆိုက်ပရပ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

မတ် ၁၂ ရက်တွင် လာနာကာ ဆိပ်ကမ်းမှ ထွက်ခွာလာသော Open Arms အန်ဂျီအိုအဖွဲ့၏ သင်္ဘောသည် စားနပ်ရိက္ခာတန်ချိန်  ၂၀၀ ဝန်းကျင်တင်ဆောင်ပြီး မြေထဲပင်လယ်မှ ဂါဇာသို့ မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) ခန့် ခရီးကိုနှင်ခဲ့သည်ဟု အမေရိကန်အန်ဂျီအိုအဖွဲ့ World Central Kitchen က ပြောကြားခဲ့သည်။ တင်လာသော စားနပ်ရိက္ခာများကို ဆိပ်ကမ်းတွင်ချရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။ ဒုတိယသင်္ဘောတစ်စီးကိုလည်း ပြင်ဆင်နေပြီဟု ဆိုက်ပရပ်က ပြောသည်။

ဂါဇာသို့အကူအညီပစ္စည်းများ တင်ဆောင်လာသော စပိန်သင်္ဘောတစ်စီးသည် မတ် ၁၄ ရက်တွင် ဂါဇာကို ရောက်ရှိလာခဲ့သည်။

ဂါဇာစစ်ပွဲ အချိန်ငါးလကြာမြင့်လာပြီးနောက် အငတ်ဘေးဆိုက်မည်ဟူသော သတိ ပေးမှုများရှိနေသောကြောင့် အကူအညီများပေးနိုင်ရေးအတွက် ဂါဇာတွင် ယာယီဆိပ်ကမ်းထူထောင်ရန် အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

အမေရိကန်စစ်သင်္ဘောလေးစီးသည် မတ် ၁၂ ရက်တွင် ဗာဂျီးနီးယား အခြေစိုက်စခန်းမှ ထွက်ခွာလာခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်သင်္ဘောများပေါ်တွင် စစ်သား ၁၀၀ ခန့်ပါလာသည်ဟု သိရသည်။  

Ref:Reuters

Most Read

Most Recent