လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒါဇင်နှင့်ချီသည့် ဒုံးကျည်များဖြင့် တိုက်ခိုက်

လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်းကို ဒါဇင်နှင့်ချီသည့် ဒုံးကျည်များဖြင့် တိုက်ခိုက်
လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း နာဘီရှီအက် ကျေးရွာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပုံကို ဧပြီ ၁၄ ရက်က တွေ့ရစဉ်(Photo:AFP)
လက်ဘနွန်နိုင်ငံ အရှေ့ပိုင်း နာဘီရှီအက် ကျေးရွာတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံတစ်ခု ထိခိုက်ပျက်စီးခဲ့ပုံကို ဧပြီ ၁၄ ရက်က တွေ့ရစဉ်(Photo:AFP)
Published 24 April 2024

လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးမှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံ မြောက်ပိုင်းကိုဒါဇင်နှင့်ချီသည့် ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု အီရန်က ကျောထောက်နောက်ခံပေးထားသည့် လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာအဖွဲ့က ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလကတည်းက နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများသည် ဟာနင်မြို့တွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အရပ်သားများ သေဆုံး၊ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးမြောက်ပိုင်းကို ဒါဇင်နှင့်ချီသည့် Katyusha ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အစ္စရေးသည် နယ်စပ်ဒေသအနီးရှိ ဟာနင်မြို့ရှိ လူနေအိမ်တစ်လုံးကို တိုက်ခိုက်ခဲ့သဖြင့် ထိုအိမ်ထဲမှ မိသားစုဝင်နှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံ ကယ်ဆယ်ရေးသမားများနှင့် တရားဝင်မီဒီယာများက ပြောကြားခဲ့ သည်။

ထိုတိုက်ခိုက်မှုတွင် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ပြီး အခြားမိသားစုဝင် အချို့ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတင်ထားရကြောင်း ပြည်သူ့ကာကွယ်ရေးသတင်းရင်း မြစ်တစ်ခုက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

လက်ဘနွန်၏ NNA သတင်းအေဂျင်စီကလည်း သေဆုံးသူနှစ်ဦးကို အတည်ပြုခဲ့ပြီး လူခြောက်ဦး ဒဏ်ရာရကြောင်း ဖော်ပြခဲ့သည်။

ရန်သူ့လေယာဉ်များသည် နှစ်ထပ်အိမ်တစ်လုံးကို ပစ်မှတ်ထားပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါအိမ်သည် အလုံးစုံပျက်စီးသွားခဲ့ကြောင်း NNA က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က  ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာတွင် စစ်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အစ္စရေး-လက်ဘနွန်နယ်စပ်တွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နှစ်ဖက်စလုံး ရှိ သောင်းနှင့်ချီသည့်ပြည်သူများ အိမ်ပစ်ရာပစ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

မကြာသေးမီရက်များတွင်း ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးအား ဒုံးကျည်တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

ဧပြီ ၂၃ ရက် အစောပိုင်းတွင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးမှုအတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံမြောက်ပိုင်းရှိ စစ်စခန်းများကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ပုံမှန်အားဖြင့် နယ်စပ်ဒေသကိုသာ တိုက်ခိုက်လေ့ရှိသည့် ဖြစ်စဉ်များနှင့် ကွဲထွက်နေပြီး အစ္စရေးနိုင်ငံအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တိုက်ခိုက်ခြင်းဖြစ်သည်။

အစ္စရေး-ဟားမာ့စ်စစ်ပွဲစတင်ခဲ့သည့် အောက်တိုဘာ ၇ ရက်ကတည်းက လက်ဘနွန်တွင် လူပေါင်း ၃၈၀ ထက်မနည်းသေဆုံးခဲ့ပြီး အများစုမှာ ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားများဖြစ်ကာ အရပ်သား ၇၂ ဦး ပါဝင်ခဲ့ သည်။ အစ္စရေးကမူ ဟစ်ဇ်ဘိုလာတို့၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ စစ်သား ၁၁ ဦး နှင့် အရပ်သား ရှစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။                            Ref:AFP