■ နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျ

■ နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျ
Published 6 March 2024

နည်းပညာချို့ယွင်းမှု ဖြစ်ပေါ်ပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ မိနစ်ပိုင်းအတွင်း ထိုးကျခဲ့ သည်။

မြန်မာစံတော်ချိန် မတ်လ ၅ ရက် ညပိုင်းတွင် နည်းပညာချို့ယွင်းမှု တစ်နာရီခန့်ကြာ ဖြစ်ပွားပြီးနောက် Meta (ခေါ်) Facebook ကုမ္ပဏီ၏ရှယ်ယာများ အရှိန်အဟုန်ဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလဆန်းပိုင်းက အမြတ်ခွဲဝေပေးခဲ့သဖြင့် ရှယ်ယာတန်ဖိုး မြင့်တက်ခဲ့သည့် Meta (ခေါ်) Facebook ကုမ္ပဏီမှာ နည်းပညာချို့ယွင်းပြီးနောက်တွင် ယခင်က ရှယ်ယာတန်ဖိုး ‌ဒေါ်လာ ၄၉၄ အထိရှိခဲ့သော်လည်း ၁ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

Meta (ခေါ်) Facebook ကုမ္ပဏီတွင် တည်ထောင်သူ မာ့က်ခ်ဇူကာဘတ်မှာ US Securities and Exchange Commission ၏ အဆိုအရ ရှယ်ယာပေါင်း သန်း ၃၅၀ ခန့်ကို ပိုင်ဆိုင်ထားသည်။

နည်းပညာဆိုင်ရာ ပြဿာနာကြောင့် နှစ်နာရီကျော်ကြာပြတ်တောက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုသူ ထောင်ပေါင်းများစွာကို သက်ရောက်ခဲ့ပြီးနောက် Meta ကုမ္ပဏီပိုင် Facebook နှင့် အင်စတာဂရမ်တို့ကို မတ် ၅ ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီဟု ယင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။

ကမောက်ကမဖြစ်မှုများသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ ဝန်းကျင်တွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအများစုက Facebook နှင့် အင်စတာဂရမ်တို့ကို Log in ဝင်မရဖြစ်နေကြောင်း Facebook ၏ပြိုင်ဘက် လူမှုမီဒီယာဖြစ်သည့် X တွင် ပို့စ်တင်ခဲ့ကြသည်။

အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီသည် ယင်းဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ပြီး ထိုအချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားသည့် လက္ခဏာမျိုးကို မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

Meta ကုမ္ပဏီသည်  WhatsApp နှင့် Thread တို့အပါအဝင် app အချို့၌ နေ့စဉ် ဝင်ရောက်အသုံးပြုနေသူ ၃ ဒသမ ၁၉ ဘီလျံခန့်ရှိနေသည့် ကုမ္ပဏီဖြစ်သည်။

Meta ဝန်ထမ်းအချို့သည် ၎င်းင်တို့၏အလုပ်ခွင်တွင်အသုံးပြုနေသော စနစ်များထဲ Log in ဝင်မရဖြစ်ခဲ့သောကြောင့် ၎င်းတို့ အလုပ်ထုတ်ခံရပြီဟုပင် ထင်မှတ်ခဲ့ရကြောင်း Bling  မက်ဆေ့ app တွင် ယင်းဝန်ထမ်းများကဖော်ပြနေကြသည်ကို ရိုက်တာသတင်းဌာနက တွေ့ခဲ့ရသည်။

ပြတ်တောက်မှုဖြစ်ပေါ်ရသည့် အကြောင်းသည် ယခင် တွစ်တာဟုခေါ်ခဲ့သော လူမှုမီဒီယာX တွင် ရေပန်းအစားဆုံး အကြောင်းအရာဖြစ်ခဲ့သည်။ 

ထို့ကြောင့်လည်း X ပိုင်ရှင် အီလွန်မက်စ်က "ခင်ဗျားဟာ ဒီပို့စ်ကို ဖတ်နေရတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ဆာဗာတွေ အလုပ်လုပ်နေတာကြောင့်ပဲဖြစ်ပါတယ်"ဟု Meta ကုမ္ပဏီကို ထိုးနှက်ခဲ့သည်။

 

Most Read

Most Recent