လီဗာပူးလ်ကဲ့သို့ပင် မိမိတို့နှင့် အာဆင်နယ်အသင်းလည်း ရင်ဆိုင်ရနိုင်ပြီး မည်သူမျှ ဘေးကင်းစိတ်ချရမှုမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ သုံးသပ်

လီဗာပူးလ်ကဲ့သို့ပင် မိမိတို့နှင့် အာဆင်နယ်အသင်းလည်း ရင်ဆိုင်ရနိုင်ပြီး မည်သူမျှ ဘေးကင်းစိတ်ချရမှုမရှိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ သုံးသပ်
Photo: X
Photo: X
Published 27 April 2024

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘရိုက်တန်အသင်းအား အနိုင်ရပြီးနောက် လီဗာပူးလ်အသင်း ရမှတ်များဆုံးရှုံးခဲ့သလို မိမိတို့နှင့် အာဆင်နယ်အသင်းလည်း ရင်ဆိုင်ရနိုင်ပြီး မည်သူမျှ ဘေးကင်းစိတ်ချရမှုမရှိကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဧပြီ ၂၅ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ် ၂၉ ပွဲကျန်တွင် မန်စီးတီးအသင်းက ဘရိုက်တန်အသင်းအား အဝေးကွင်း၌ လေးဂိုးပြတ်အနိုင်ရပြီး အမှတ်ပေးဇယား ဒုတိယနေရာ တက်ရောက်လာနိုင်ခဲ့သည်။ ယခင်က ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်ခဲ့ သည့် လီဗာပူးလ်အသင်းမှာမူ နောက်ဆုံးလေးပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး မန်ယူအသင်းနှင့် သရေ၊ ပဲလေ့စ်နှင့် အဲဗာတန်အသင်းတို့ကို ရှုံးနိမ့်ခဲ့သဖြင့် တတိယနေရာအထိ ရောက်ရှိသွားပြီဖြစ်သည်။

သို့ဖြစ်ရာ လေးနှစ်ဆက် ချန်ပီယံအိပ်မက်နှင့်ပတ်သက်၍ ဂွါဒီယိုလာက "အများကြီးဖြစ်နိုင်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်၊ အဲဗာတန်တို့နဲ့ပွဲတွေမှာ လီဗာပူးလ်ဘာတွေဖြစ်ခဲ့လဲ။ ကျွန်တော်တို့လည်း အဲဒီလိုဖြစ်နိုင်တယ်။ အာဆင်နယ်အသင်းလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ ဘယ်သူမှ ဘေးကင်းစိတ်ချရမှု မရှိပါဘူး။ ဒါကြောင့် စိတ်အေးအေးထားပါ။  ဒီနေ့နိုင်ပွဲအတွက် ပျော်ရွှင်ကြပါစေ။ ကစား သမားတွေလည်း အခုထိရှိနေတုန်းပဲ။ အခု အချိန်က အင်အားပြန်ဖြည့်ဖို့နဲ့ လာမယ့်ပွဲအတွက် စဉ်းစားရမှာပါ။ လီဗာပူးလ်အသင်းက ချန်ပီယံပြေးလမ်းမှာရှိနေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းရဲ့ စရိုက်လက္ခဏာကို ကျွန်တော်သိလို့ပါ။ သူတို့က နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်မှာပါ။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ရမှာပါ" ဟု သုံးသပ်ပြောကြားခဲ့သည်။

ယင်းပွဲအပြီးတွင် အာဆင်နယ်အသင်း က ၃၄ ပွဲကစား၊ ၇၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး မန်စီးတီးအသင်းက တစ်ပွဲလျော့ဖြင့် ၃၃ ပွဲကစား၊ ၇၆ မှတ်၊ လီဗာပူးလ် အသင်းက ၃၄ ပွဲကစား၊ ၇၄ မှတ်ဖြင့် ဖိအားပေးလျက်ရှိသည်။ လက်ကျန်ပွဲစဉ်များအဖြစ် အာဆင်နယ်အသင်းက စပါး၊ မန်ယူတို့နှင့် အဝေးကွင်း၊ ဘုန်းမောက်၊ အဲဗာတန်တို့နှင့် အိမ်ကွင်း၊ မန်စီးတီးအသင်းက နော်တင်ဟမ်၊ ဖူလ်ဟမ်၊ စပါးတို့နှင့် အဝေးကွင်း၊ ဝုလ်ဗ်၊ ဝက်စ်ဟမ်းတို့နှင့် အိမ်ကွင်း၊ လီဗာပူးလ် အသင်းက ဝက်စ်ဟမ်း၊ ဗီလာတို့နှင့် အဝေး ကွင်း၊ စပါး၊ ဝုလ်ဗ်တို့နှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မန်စီးတီး အသင်းက ချန်ပီယံဆုကို လေးနှစ်ဆက် ထပ်မံရယူနိုင်ရန် ရေပန်းအစားဆုံးဖြစ်နေသည်။

Most Read

Most Recent