El Clasico တွင် ယမားလ်၏သွင်းဂိုး ငြင်းပယ်ခံရခြင်းအတွက် ဂိုးစည်းနည်းပညာ အသုံးမပြုခြင်းကို ဘာစီလိုနာအသင်းနည်းပြ ဇာဗီနှင့် ဂိုးသမား စတီဂန် ဝေဖန်

El Clasico တွင် ယမားလ်၏သွင်းဂိုး ငြင်းပယ်ခံရခြင်းအတွက် ဂိုးစည်းနည်းပညာ အသုံးမပြုခြင်းကို ဘာစီလိုနာအသင်းနည်းပြ ဇာဗီနှင့် ဂိုးသမား စတီဂန် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 23 April 2024

El Clasico ပွဲစဉ်တွင် လာမင်းယမားလ်၏သွင်းဂိုး ငြင်းပယ်ခံရခြင်းအတွက် လာလီဂါပြိုင်ပွဲ၌ ဂိုးစည်းနည်းပညာ အသုံးမပြုခြင်းကို ဘာစီလိုနာအသင်းနည်းပြ ဇာဗီ နှင့် ဂိုးသမား စတီဂန်တို့က ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရှိရသည်။

ဧပြီ (၂၁)ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် El Clasico ပွဲစဉ်တွင် အိမ်ရှင်ရီးယဲလ်မက်ဒရစ်အသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဘာစီလိုနာအသင်းအနေဖြင့် ပွဲအစ (၆)မိနစ်တွင် ခရစ္စတန်ဆန်၊ (၆၉) မိနစ်တွင် ဖာမင်တို့၏သွင်းဂိုးများဖြင့် နှစ်ကြိမ်တိုင် ဦးဆောင်ခွင့်ရသော်လည်း ရီးယဲလ်အသင်းအတွက် (၁၈) မိနစ်တွင် ဗင်နီစီယပ်စ်ဂျူနီယာ (ပယ်နယ်တီ)၊ (၇၃) မိနစ်တွင် ဗက်ဇ်ကေးတို့က ပြန်လည်ချေပပြီး အနိုင်ဂိုးကို (၉၀+၁) မိနစ်တွင် ဘယ်လင်ဟမ်က သွင်းယူပေးခဲ့သည်။

(၁-၁) ဂိုးဖြင့် သရေဖြစ်နေစဉ် ပထမပိုင်း (၂၈) မိနစ်တွင် ထောင့်ကန်ဘောမှတစ်ဆင့် ယမားလ်၏ပိတ်သွင်းယူမှုကို ရီးယဲလ်ဂိုးသမား လူနင် ဂိုးစည်းပေါ်မှဖမ်းမိခဲ့သော်လည်း ဘောလုံးမှာ ဂိုးစည်းကျော်သွားသည့်အနေအထား ဖြစ်ခဲ့ကြောင်း ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများအရ မြင်တွေ့ခဲ့ရသည်။

ယင်းဖြစ်ရပ်အတွက် VAR ဖြင့် အချိန်အတော်ကြာ ပြန်လည်စစ်ဆေးပြီးနောက် ဂိုးအဖြစ် ခွင့်ပြုခဲ့ခြင်းမရှိရာ စတီဂန်နှင့် ဇာဗီတို့က ဝေဖန်ခဲ့ခြင်းလည်းဖြစ်သည်။

''ဂိုးစည်းပေါ်မှာ ဖြစ်ခဲ့တာတွေကို ရှင်းပြဖို့ ကျွန်တော် စကားလုံး ရှာမတွေ့ပါဘူး။ ဒါက ဘောလုံးလောကအတွက် အရှက်ရစရာပါ။ ဒီလုပ်ငန်းထဲမှာ ငွေတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့အရာအတွက် မဟုတ်ပါဘူး။ တခြားလိဂ်တွေမှာရှိနေတဲ့ နည်းပညာကို အကောင်အထည်ဖော်ဖို့ ဘာကြောင့်ငွေမရှိတာလဲ ဆိုတာကို ကျွန်တော်နားမလည်နိုင်ပါဘူး'' ဟု စတီဂန်က ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် ဇာဗီကလည်း ''အဲဒီလိုပြောတာကို ကျွန်တော် လုံးဝသဘောတူပါတယ်။ ဒီမှာ ဂိုးစည်းနည်းပညာ မရှိတာက ရှက်စရာပါပဲ။ ဒီလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ ပြောချင်တယ်ဆိုရင် အဲဒါကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အားလုံးလည်း တွေ့ကြမှာပါ။ ကျွန်တော် ဘာပြောနိုင်မှာလဲ။ ကျွန်တော့်ကို အရေးယူနိုင်တယ်။ ဓာတ်ပုံတွေ ရှိနေတာပဲ။ ဒီနေ့ခံစားချက်က မျှတမှု လုံးဝ မရှိပါဘူး။ ပွဲမတိုင်ခင်ကတည်းက ဒိုင်လူကြီးတွေဆီက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ရဖို့ မျှော်လင့်ကြောင်း ကျွန်တော် ပြောခဲ့တယ်။ အဆုံးသတ်မှာတော့ အဲဒါတွေ ဖြစ်မလာခဲ့ပါဘူး'' ဟု ဆိုခဲ့သည်။

ရီးယဲလ်အသင်းအနေဖြင့် ယခုရာသီ လာလီဂါပွဲစဉ် နှစ်ကျော့နှင့် စပိန်စူပါဖလား တစ်ပွဲအပါအဝင် ပြိုင်ပွဲအဆင့် ယှဉ်ပြိုင်ရသည့် El Clasico (၄)ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။ 

Most Read

Most Recent