■ ပျော်ရွှင်မှုမရှိတော့သည့်အချိန်နှင့် အသင်းဖော်များအတွက် ကူညီမပေးနိုင်ပါက အသက်အရွယ်ကိုမစဉ်းစားဘဲ အနားယူဖြစ်မည်ဟု မက်ဆီ ထုတ်ဖော်ပြောကြား     

■ ပျော်ရွှင်မှုမရှိတော့သည့်အချိန်နှင့် အသင်းဖော်များအတွက် ကူညီမပေးနိုင်ပါက အသက်အရွယ်ကိုမစဉ်းစားဘဲ အနားယူဖြစ်မည်ဟု မက်ဆီ ထုတ်ဖော်ပြောကြား     
Photo: MBC
Photo: MBC
Published 29 March 2024

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီနှင့် အာဂျင်တီးနား လက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက မိမိကိုယ်တိုင် မစွမ်းဆောင်နိုင်သည့်အချိန်၊ ပျော်ရွှင်မှုမရှိတော့သည့်အချိန်နှင့် အသင်းဖော်များအတွက် ကူညီမပေးနိုင်ပါက အသက်အရွယ်ကိုမစဉ်းစားဘဲ အနားယူဖြစ်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

    

မက်ဆီသည် လာမည့်ဇွန်လအတွင်း အသက် (၃၇) နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ၎င်းနှင့် အင်တာမိုင်ယာမီအသင်း၏စာချုပ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာအထိ ကျန်ရှိနေသေးသည်။ 

MBC ၏ Big Time Podcast အစီအစဉ်တွင် အနားယူမည့်ကာလအကြောင်း မေးမြန်းစဉ် မက်ဆီက ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

    

"ကျွန်တော်က ကိုယ် မစွမ်းဆောင်နိုင်တော့ဘူး၊ ကိုယ်တိုင် ပျော်ရွှင်မှုမရှိတော့ဘူး၊ အသင်းဖော်တွေကို မကူညီပေးနိုင်တော့ဘူးဆိုတဲ့ အခိုက်အတန့်တွေကို သိပါတယ်။ ကျွန်တော်က ကိုယ့်ဘာသာ အရမ်းကိုဝေဖန်ဆန်းစစ်တဲ့သူပါ။ ကျွန်တော်က ကိုယ်ကောင်းတဲ့အချိန်၊ ဆိုးတဲ့အချိန်၊ ကောင်းကောင်းကစားနိုင်တဲ့အချိန်၊ ဆိုးဆိုးရွားရွား ကစားတဲ့အချိန်တွေကို သိပါတယ်။ အဲဒီခြေလှမ်းကိုလှမ်းဖို့ အချိန်တန်ပြီလို့ ခံစားရတဲ့အခါ အသက်အရွယ်ကို မစဉ်းစားဘဲ အနားယူဖြစ်မှာပါ။ ခံစားချက်ကောင်းတယ်ဆိုရင်တော့ ဆက်ပြီးယှဉ်ပြိုင်နိုင်ဖို့ အမြဲတမ်းကြိုးစားသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးက ကျွန်တော် နှစ်သက်တဲ့အရာဖြစ်ပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်"ဟု မက်ဆီက ဆိုခဲ့သည်။ 

ထို့ပြင် ၎င်းင်းက "ကာတာပြိုင်ပွဲ (၂၀၂၂ ကမ္ဘာ့ဖလား) မှာ အဲဒီလိုမျိုး မလုပ်နိုင်ခဲ့ဘူးဆိုရင် လက်ရွေးစင်အသင်းကနေ ကျွန်တော် ထွက်သွားဖြစ်မှာပါ။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝမှာ အရာအားလုံးရယူနိုင်ခဲ့တာ၊ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာ ကံကောင်းပါတယ်။ ပရော်ဖက်ရှင်နယ်တစ်ယောက်အပြင် လူသားတစ်ဦးအနေနဲ့ ကျွန်တော့်မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီက ဒီထက်ပိုပြီး တောင်းဆိုစရာမရှိတော့ဘူး ဆိုတာ အမှန်ပါပဲ။ ဘုရားသခင်က ကျွန်တော့်ကို ပေးထားတဲ့ အရာအားလုံးအတွက် ပျော်ရွှင်ဖို့ ကြိုးစားနေပါတယ်။  ဘုရားသခင်ပေးထားတဲ့ အရာတွေက အများကြီးပါပဲ။  အမှန်တော့ အဲဒီအကြောင်း (အနားယူမည့်ကိစ္စ) ကျွန်တော် မစဉ်းစားရသေးပါဘူး။ နောက်ထပ်လာမယ့်အရာတွေကို မတွေးဘဲ ဒီနေ့ကိုပဲ ပျော်ရွှင်အောင်လို့ နေ့စဉ်နေ့တိုင်း ကြိုးစားပါတယ်။ ပြတ်ပြတ်သားသား မဆုံးဖြတ်ရသေးပါဘူး။ ဒါက ကျွန်တော် နှစ်သက်တဲ့အရာဖြစ်လို့ အချိန်ကြာကြာဆက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်။ အချိန်တန်ရင်တော့ ကိုယ်လုပ်ရမယ့်နည်းလမ်းကို ရှာတွေ့မှာ သေချာပါတယ်။ အဲဒီအရာက ကျွန်တော် သဘောကျတဲ့ဟာ ဖြစ်ပြီး အခန်းကဏ္ဍသစ်တစ်ခုဖြစ်မှာပါ"ဟု ဆက်လက်ပြောကြားခဲ့သည်။