■ အာဆင်နယ်အသင်း၏ကွင်း၌ကစားရမည့် ပထမအကျော့ပွဲကို ဘိုင်ယန်မြူးနစ်ပရိသတ်များ လိုက်ပါကြည့်ရှုခွင့်မရ

■ အာဆင်နယ်အသင်း၏ကွင်း၌ကစားရမည့် ပထမအကျော့ပွဲကို ဘိုင်ယန်မြူးနစ်ပရိသတ်များ လိုက်ပါကြည့်ရှုခွင့်မရ
Photo: Bayern Munich
Photo: Bayern Munich
Published 19 March 2024

ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း၏ အမ်းမရိတ်စ်ကွင်း၌ ကစားရမည့်ပွဲကို ဘိုင်ယန်မြူးနစ်အသင်းပရိသတ်များ လိုက်ပါကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်အသင်းပရိသတ်များသည် ပြီးခဲ့သည့်တစ်ပတ်က လာဇီယိုအသင်းနှင့်ကစားသည့် ၁၆ သင်းအဆင့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်တွင် ကွင်းအတွင်းသို့ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် အဝေးကွင်းသို့ လိုက်ပါကြည့်ရှုခွင့် ပိတ်ပင်ခံရခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းအနေဖြင့် အောက်တိုဘာလအတွင်း ကိုပင်ဟေဂင်အသင်းနှင့်ကစားသည့် အုပ်စုပွဲစဉ်တွင် ကွင်းအတွင်းသို့ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်ခဲ့သောကြောင့် အဝေးကွင်းပွဲစဉ်တစ်ပွဲ လက်မှတ်ရောင်းချခွင့် ဆိုင်းငံ့ပိတ်ပင်သည့် ပြစ် ဒဏ်ချမှတ်ခံထားရပြီး လာဇီယိုနှင့်ပွဲမှဖြစ်ရပ်ကြောင့် ယင်းပြစ်ဒဏ်ကို ကျခံရမည်ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်ချုပ် ယန်ခရစ္စတီယန်ဒရီးဇန်ကလည်း ကွာတားဖိုင်နယ် တက်ရောက်နိုင်သဖြင့် ပျော်ရွှင်သော်လည်း အဝေးကွင်း၌ ပရိသတ်မပါဘဲ ကစားရခြင်းမှာ ကြီးမားသည့် ထိုးနှက်ချက်ဖြစ်ကြောင်း၊ ကျူးလွန်သူအနည်းငယ်ကြောင့် ပရိသတ်အားလုံးနှင့် အသင်းအပေါ် ထိခိုက်နစ်နာစေကြောင်း ပြောကြားသည်။

သို့ဖြစ်ရာ အာဆင်နယ်အသင်းအနေဖြင့် အဝေးကွင်းပရိသတ်နေရာတွင်ပါ ၎င်းတို့ပရိသတ်များ ကြည့်ရှုခွင့်ပြုနိုင်မည်ဖြစ်သည်။

အာဆင်နယ်နှင့် ဘိုင်ယန်မြူးနစ်အသင်းသည် ၂၀၁၆-၂၀၁၇ ရာသီ ၁၆ သင်းအဆင့်တွင် တွေ့ဆုံဖူးပြီး ဘိုင်ယန်မြူးနစ်အသင်းက နှစ်ကျော့စလုံး (၅-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

Most Read

Most Recent