ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအား အခွန်ရှောင်လွှဲမှုဖြင့် ထောင်ဒဏ်(၅)နှစ်နီးပါးချမှတ်ရန် စပိန်အစိုးရရှေ့နေများ တောင်းဆို 

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအား အခွန်ရှောင်လွှဲမှုဖြင့် ထောင်ဒဏ်(၅)နှစ်နီးပါးချမှတ်ရန် စပိန်အစိုးရရှေ့နေများ တောင်းဆို 
Photo: Getty Images
Photo: Getty Images
Published 7 March 2024

စပိန်အစိုးရရှေ့နေများသည် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီအား အခွန်ရှောင်လွှဲမှုဖြင့် ထောင်ဒဏ် (၅)နှစ်နှင့် (၉) လ ချမှတ်ရန် တောင်းဆိုခဲ့ကြကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။

နာမည်ကျော် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းကို ပထမအကြိမ် ကိုင်တွယ်ခဲ့သည့် ၂၀၁၄-၁၅ ရာသီတွင် ပုံရိပ်အသုံးပြုခွင့်ဝင်ငွေများမှရရှိသည့် အခွန်ငွေ ယူရို (၁) သန်းကို ပေးချေခဲ့ခြင်းမရှိဘဲ ရှောင်လွှဲခဲ့သည်ဟု စွပ်စွဲခံထားရသည်။

စပိန်အစိုးရရှေ့နေများက အန်ဆယ်လော့တီသည် ယင်းကာလအတွင်း ပုံရိပ်အသုံးပြုခွင့်အဖြစ် ရရှိသည့် အပိုဝင်ငွေများကို အခွန်မဆောင်ရရန်အတွက် ကုမ္ပဏီအတုများ ဖန်တီးကာ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ စွဲချက်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါစွဲချက်နှင့်ပတ်သက်ပြီး Reuters  ၏မေးမြန်းမှုကို အန်ဆယ်လော့တီ၏ရှေ့နေက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိသလို၊ ရီးယဲလ်မက်ဒရစ်အသင်းကလည်း မှတ်ချက်ပေးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

အန်ဆယ်လော့တီကို စွဲချက်တင်ခဲ့သည့် စပိန်အစိုးရရှေ့နေ၏ထုတ်ပြန်ချက်တွင် ''အန်ဆယ်လော့တီသည် ၎င်းအနေဖြင့် စပိန်တွင် အခွန်ဆောင်ကာ နေထိုင်သည်ဟု ကြေညာထားပြီး မက်ဒရစ်မြို့ကိုလည်း ၎င်း၏အိမ်ဟု ရည်ညွှန်းလေ့ရှိသည်။ သို့ သော် အန်ဆယ်လော့တီသည် ရီးယဲလ်မက်ဒရစ်အသင်းထံမှ ရရှိသည့် ဝင်ငွေများအတွက်သာ အခွန်ဆောင်သည်''ဟု ရေးသားထားသည်။

အန်ဆယ်လော့တီသည် ဘောလုံးလောကတွင် အအောင်မြင်ဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပြီး ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ချယ်လ်ဆီး၊ PSG၊ ဘိုင်ယန်မြူးနစ်၊ နာပိုလီတို့လို ထိပ်တန်းအသင်းများစွာကို ကိုင်တွယ်ဖူးပြီး ရီးယဲလ်အသင်းကို ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်ကိုင်တွယ်နေခြင်း ဖြစ်သည်။

စပိန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း နာမည်ကျော်အားကစားသမားများကို အခွန်ရှောင်လွှဲမှုဖြင့် တရားစွဲဆိုခဲ့ဖူးသည်။

၂၀၁၇ ခုနှစ်တွင် မက်ဆီကို အခွန်ရှောင်လွှဲမှုဖြင့် ဆိုင်းငံ့ထောင်ဒဏ်(၂၁) လချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ယင်းအစား ယူရို (၄.၁)သန်း ဒဏ်တပ်ရိုက်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် စီရော်နယ်လ်ဒိုကို အခွန်ရှောင်လွှဲမှုဖြင့် ယူရို(၁၈.၈) သန်း ဒဏ်တပ်ရုုိက်ခဲ့သည်။

၂၀၂၀ ခုနှစ်တွင် ရီးယဲလ်နည်းပြဟောင်း မော်ရင်ဟိုမှာလည်း အခွန်ရှောင်လွှဲမှုဖြင့် ဒဏ်တပ်ရိုက်ခံခဲ့ရဖူးသည်။ 

Most Read

Most Recent