အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် Seine မြစ်အတွင်း ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေရာပြောင်းလဲကျင်းပရန် တောင်းဆိုလာ

အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် Seine မြစ်အတွင်း ပါရီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေရာပြောင်းလဲကျင်းပရန် တောင်းဆိုလာ
Photo: Olympic
Photo: Olympic
Published 11 May 2024

 

၂၀၂၄ ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို Seine မြစ်အတွင်း ပြုလုပ်ရန်စီစဉ်ထားခြင်းအား လုံခြုံရေးအန္တရာယ်ကြောင့် ကန့်ကွက်မှုများရှိနေပြီး နေရာပြောင်းလဲကျင်းပရန် တောင်းဆိုလာကြကြောင်းသိရသည်။

ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် နိုင်ငံအချို့ကမူ လုံခြုံရေးစိုးရိမ်ရမှုကြောင့် ဖွင့်ပွဲအခမ်းအနားသို့ မတက်ရောက်ရန်အတွက် အားကစားသမားများကို တိုက်တွန်းရန် စဉ်းစားနေကြောင်း သိရသည်။ ပါရီအိုလံပစ်သည် ဖွင့်ပွဲအခမ်းအနားကို အားကစားကွင်း ပြင်ပတွင် ကျင်းပမည့် ပထမဆုံးပြိုင်ပွဲအဖြစ် စီစဉ်ထားခြင်းဖြစ်ပြီး အားကစားသမား (၁၀၀၀၀) ဦးသည် မြစ်တစ်ဖက်တစ်ချက်တွင် လက်မှတ်ဝယ်ယူထားသည့် ပရိသတ်(၃၀၀၀၀၀)ဦး ရှေ့မှ လှေများဖြင့် ဖြတ်သန်းမည်ဖြစ်သည်။ 

ဇူလိုင်လ(၂၆) ရက်တွင်ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားအတွက် လုံခြုံရေးအရေအတွက် (၄၅၀၀၀)ဦးအထိ အသုံးပြုသွားမည်ဖြစ်သော်လည်း ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် မတ်လက မော်စကိုပြဇာတ်ရုံ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း ပြင်သစ်အစိုးရသည် အကြမ်းဖက်သတိပေးချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့သည်။ 

ထို့ပြင် ပြီးခဲ့သည့်လက ပါရီတွင်ကစားခဲ့သည့် တစ်ပွဲအပါအဝင် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို တိုက်ခိုက်သွားမည်ဟု အစ္စလာမ်မစ်အကြမ်း ဖက်အဖွဲ့ IS က ခြိမ်းခြောက်ထားသည်။ 

ထင်ရှားသောအားကစားသမားများပါဝင်သည့် အုပ်စုတစ်ခုက အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို Stade de France ကွင်းသို့ ပြောင်းရွှေ့ကျင်းပသွားရန် တောင်းဆိုထားပြီး မကြုံစဖူး ကွင်းပြင်ပတွင်ကျင်းပမည့် ဖွင့်ပွဲအခမ်းအနားသည် ပြိုင်ပွဲဝင်အားကစားသမားများအပေါ် မလိုအပ်သော စွန့်စားပြုလုပ်မှုတစ်ခုဖြစ်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent