ယူရိုပြိုင်ပွဲကို မိမိတို့နိုင်ငံရှိ မြို့များ၌ လက်ခံကျင်းပလိုသော်လည်း လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေရဟု ရှက်ဗ်ချင်ကို ပြောကြား

ယူရိုပြိုင်ပွဲကို မိမိတို့နိုင်ငံရှိ မြို့များ၌ လက်ခံကျင်းပလိုသော်လည်း လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေရဟု ရှက်ဗ်ချင်ကို ပြောကြား
Photo: Getty Images
Photo: Getty Images
Published 15 June 2024

 

ယူကရိန်းဘောလုံးအဖွဲ့ချုပ် (UAF) ဥက္ကဋ္ဌ အန်ဒရေရှက်ဗ်ချင်ကိုက ယူရိုပြိုင်ပွဲကို မိမိတို့နိုင်ငံရှိ မြို့များ၌ လက်ခံကျင်းပလိုသော်လည်း လက်ရှိအချိန်တွင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့သည့် ရုရှား၏ကျူးကျော်စစ်ပွဲကို လက်ရှိအချိန်အထိ ခုခံရင်ဆိုင်နေရဆဲဖြစ်သည်။ သို့သော် ယူကရိန်းအသင်းသည် ခြေစစ်ပွဲ Play-off မှတစ်ဆင့် ယူရို- ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားပြီး အုပ်စု (F) တွင် ဘယ်လ်ဂျီယံ၊ ဆလိုဗေးနီးယား၊ ရိုမေးနီးယားအသင်းတို့နှင့်အတူ ပါဝင်နေသည်။

ယူရိုပြိုင်ပွဲအကြို Telegram တွင် လွှင့်တင်ထားသည့် စက္ကန့် ၉၀ ကြာမြင့်သော ဗီဒီယိုဖိုင်တွင် UAF ဥက္ကဋ္ဌ ရှက်ဗ်ချင်ကိုက "ကျွန်တော်တို့ရဲ့မြို့တွေက ယူရိုပြိုင်ပွဲကို လက်ခံကျင်းပချင်တာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့က ပြိုင်ပွဲအတွက်မဟုတ်ဘဲ လွတ်လပ်မှုအတွက် ရင်ဆိုင်တိုက်ပွဲဝင်နေကြပါတယ်။ ဒီစစ်ပွဲကြောင့် ယူကရိန်းဘောလုံးသမားတွေ၊ မြို့တွေ၊ အားကစားကွင်းတွေ၊ ကလေးကစားကွင်းတွေနဲ့ ကလေးတွေ မထိခိုက်နိုင်တဲ့သူ မရှိပါဘူး" ဟု ပြောကြားခဲ့သည်။

ထို့ပြင် UAF က ဘောလုံးကဲ့သို့ပင် အားကစားနည်းအားလုံးမှာ နိုင်ငံရေးထက် ကျော်လွန်ခြင်းမရှိကြောင်း၊ ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ကြမည့် နိုင်ငံအားလုံး ယူကရိန်းကို ကူညီပေးရန် တိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

ယူကရိန်းသည် ယူရို -၂၀၁၂ ပြိုင်ပွဲကို ပိုလန်နှင့်အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးပြီး ယူရိုပြိုင်ပွဲကို နောက်ဆုံးလေးကြိမ်ဆက်တိုက် ယှဉ်ပြိုင်ခွင့်ရရှိထားသည်။

Most Read

Most Recent