ရေကြီးရေလျှံမှုများကြောင့် ဘရာဇီးလ်စီးရီးအေ ပွဲစဉ်နှစ်ခု ရွှေ့ဆိုင်းရန် ဆုံးဖြတ်

ရေကြီးရေလျှံမှုများကြောင့် ဘရာဇီးလ်စီးရီးအေ ပွဲစဉ်နှစ်ခု ရွှေ့ဆိုင်းရန် ဆုံးဖြတ်
Photo: X
Photo: X
Published 17 May 2024

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) သည် နိုင်ငံတောင်ပိုင်းဒေသများတွင် ဖြစ်ပွားလျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့်  ဘရာဇီးလ်စီးရီးအေပွဲစဉ်နှစ်ခုရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ဥရုဂွေး၊ အာဂျင်တီးနားတို့နှင့် ထိစပ်လျက်ရှိသည့် ဘရာဇီးလ်နိုင်ငံ တောင်ပိုင်းပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် အနည်းဆုံး (၁၄၉) ဦးသေဆုံးပြီး (၁၀၈)ဦးပျောက်ဆုံးနေကာ (၆၂၀၀၀၀) ကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဘရာဇီးလ်စီးရီးအေတွင်ယှဉ်ပြိုင်နေသည့် ကလပ်အသင်း (၂၀) အနက် (၁၅)သင်းက လိဂ်ပြိုင်ပွဲကို ရွှေ့ဆိုင်းပေးရန် မေ (၁၅) ရက်တွင် တောင်းဆိုရာ CBF က ပွဲစဉ်နှစ်ခုရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မေ (၁၈၊ ၁၉၊ ၂၀) ရက်တွင်ကစားမည့် ပွဲစဉ် (၇) နှင့် မေ (၂၅၊ ၂၆၊ ၂၇) ရက်တွင် ကစားမည့် ပွဲစဉ်(၈) ကို ရွှေ့ဆိုင်းထားပြီး ဇွန် (၁) ရက်စတင်မည့် ပွဲစဉ် (၉)မှသာ ပြန်လည်ကစားရန် စီစဉ်ထားသည်။

CBF သည် တောင်ပိုင်းဒေသပြည်နယ်တွင် ဘောလုံးနှင့်ဆိုင်သည့် လှုပ်ရှားမှုအားလုံး ရက် (၂၀) ကြာ ရပ်ဆိုင်းထားရန်လည်း သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

ဘရာဇီးလ်အားကစားဝန်ကြီး အန်ဒရေဖူဖူကာကမူ အမျိုးသား၊ အမျိုးသမီးနှင့် ယူ-၂၀ ပြိုင်ပွဲအားလုံးကို တစ်နိုင်ငံလုံး ရပ်ဆိုင်းထားပေးရန် တိုက်တွန်းပြောကြားထားသည်။

 

Most Read

Most Recent