မန်ချက်စတာဒါဘီနှစ်သင်းအကြား ခြားနားချက်ကြီးကြီးမားမားမရှိကြောင်းနှင့် အဆင့် ၅ နေရာမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သဖြင့် နိုင်ပွဲများရရှိရန် ကြိုးပမ်းရမည်ဟု အဲရစ်တန်ဟက်ဂ် သုံးသပ်

မန်ချက်စတာဒါဘီနှစ်သင်းအကြား ခြားနားချက်ကြီးကြီးမားမားမရှိကြောင်းနှင့် အဆင့် ၅ နေရာမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သဖြင့် နိုင်ပွဲများရရှိရန် ကြိုးပမ်းရမည်ဟု အဲရစ်တန်ဟက်ဂ် သုံးသပ်
Photo: X
Photo: X
Published 4 March 2024

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မန်ချက်စတာဒါဘီနှစ်သင်းအကြား ခြားနားချက်ကြီးကြီးမားမားမရှိကြောင်းနှင့် အဆင့် ၅ နေရာမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်သဖြင့် နိုင်ပွဲများရရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မတ် ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်စီးတီးအသင်းက မန်ယူအသင်းအား အိမ်ကွင်း၌ (၃-၁) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

မန်စီးတီးအသင်းသည် ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင်လည်း (၀-၃) ဂိုးဖြင့် အနိုင်ရထားခဲ့သည်။

ယခုပွဲတွင် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှု ၇၃ ဒသမ ၇ ရာခိုင်နှုန်း၊ မန်ယူအသင်းက ဘောလုံးပိုင်ဆိုင် မှု ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ မန်စီးတီးအသင်းက ဂိုးပေါက်ကန်သွင်းမှု ၂၇ ကြိမ် (ပထမပိုင်းတွင် ၁၈ ကြိမ်)၊ မန်ယူအသင်းက ဂိုးပေါက်ကန်သွင်းမှု သုံးကြိမ်သာရရှိရာ ဒါဘီပြိုင်ဘက်နှစ်သင်းအကြား ခြားနားမှုကြီးမားနေပြီလားဟု မေးမြန်းမှုအပေါ် အဲရစ်တန်ဟက်ဂ်က ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။

''မဟုတ်ပါဘူး။ ကျွန်တော်တော့ အဲဒီလို မထင်ပါဘူး။ လုံးဝမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာတွေအများကြီးရှိနေတာ ခင်ဗျားလည်းတွေ့မှာပါ။ ပြီးတော့ ကျွန်တော်တို့ဆီမှာ အခွင့်အရေးတစ်ခုလည်းရှိပါသေးတယ်။ ကွက်လပ်က တကယ်ကိုသေးသေးလေးပါ။ အဲဒါက ကြီးကြီးမားမားမဟုတ်ဘဲ ကျွန်တော်တို့ဆီမှာ လူစုံပါဝင်နိုင်ရင် ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ စီးတီးက အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတာ မမေ့ထားသင့်ပါဘူး'' ဟု ၎င်းက ဆိုသည်။

ထို့ပြင် မန်ယူအသင်းအနေဖြင့် ယခုပွဲ  ရှုံးနိမ့်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှ ဗီလာအသင်းနှင့် ၁၁ မှတ်၊ အဆင့် ၅ နေရာမှ စပါးအသင်းနှင့် တစ်ပွဲပို၊ ခြောက်မှတ် ကွာဟသွားပြီဖြစ်သည်။

သို့သော် ယခုရာသီ ဥရောပကလပ်အသင်းပြိုင်ပွဲသုံးခု၌အင်္ဂလန်ကလပ်များ၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ၂၀၂၄ -၂၀၂၅ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အင်္ဂလန်ကလပ်ငါးသင်း ဝင်ခွင့်ရနိုင်ခြေရှိနေသည်။

သို့ဖြစ်ရာ အဲရစ်တန်ဟက်ဂ်က ''ဒီအခြေအနေက အလျင်အမြန် အလှည့်အပြောင်း  ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နောက်ထပ်ဗိုလ်လုပွဲ (လက်ကျန်ပွဲစဉ်များကို ဗိုလ်လုပွဲအဖြစ် ကစားရမည်ဟုရည်ရွယ်) ကစားရမှာဖြစ်ပြီး သူတို့နဲ့နီးကပ်အောင် ကြိုးစားရမှာပါ။ အဆင့် ၅ နေရာကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ခြေရှိပါတယ်။ ဒါကြောင့် အဲဒီနေရာအတွက် ကျွန်တော်တို့က ကိုယ့်ရဲ့ပွဲတွေကို အနိုင်ကစားရမှာပါ'' ဟု ပြောကြားသည်။

Most Read

Most Recent