ဟားမာ့စ်အဖွဲ့က ဓားစာခံများကို ပြန်လွှတ်ပေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အမြန်ဆုံးရရှိလိမ့်မည်ဟု အမေရိကန်သမ္မတဘိုင်ဒင် ပြောကြား

ဟားမာ့စ်အဖွဲ့က ဓားစာခံများကို ပြန်လွှတ်ပေးမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အမြန်ဆုံးရရှိလိမ့်မည်ဟု အမေရိကန်သမ္မတဘိုင်ဒင် ပြောကြား
မေ ၈ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်း ဂါဇာနယ်စပ်အနီးတွင် အစ္စရေးစစ်သားများနှင့် ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်များကို တွေ့ရစဉ်
မေ ၈ ရက်က အစ္စရေးနိုင်ငံတောင်ပိုင်း ဂါဇာနယ်စပ်အနီးတွင် အစ္စရေးစစ်သားများနှင့် ခြေလျင်တပ် တိုက်ခိုက်ရေးယာဉ်များကို တွေ့ရစဉ်
Published 13 May 2024

ဟားမာ့စ်အဖွဲ့အနေဖြင့် ၎င်းတို့ ဖမ်းဆီးထားသည့် ဓားစာခံများကို ပြန်လွှတ်ပေးမည်ဆိုပါက အပစ်အခတ် ရပ်စဲရေးသဘောတူညီမှု အမြန်ဆုံးရရှိလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၁၁ ရက်တွင် ပြောကြားခဲ့ည်။

“ဟားမာ့စ်အဖွဲ့သာ ဓားစာခံတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် အပစ်အခတ်ရပ်စဲရေးဟာ မနက်ဖြန်မှာ ဖြစ်လာပါလိမ့်မယ်”ဟု ဘိုင်ဒင်က ဆီယက်တယ်မြို့အပြင်ဘက်ရှိ Microsoft အလုပ်အမှုဆောင်ဟောင်းတစ် ဦး၏ နေအိမ်တွင်ပြုလုပ်သည့် ရန်ပုံငွေမြှင့်တင်ရေးပွဲ အခမ်းအနားတစ်ခုတွင် ပြောကြားခဲ့သည်။

ဘိုင်ဒင်သည် မေ ၁၀ ရက်က ပြုလုပ်ခဲ့သည့် ရန်ပုံငွေမြှင့်တင်ရေး ပွဲအခမ်းအနား သုံးခုတွင် ထိုအကြောင်းအရာကို ပြောကြားခဲ့ခြင်းမရှိဘဲ မေ ၁၁ ရက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒါက ဟားမာ့စ်အဖွဲ့အပေါ် မူတည်ပါတယ်။ သူတို့သာ ဓားစာခံတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့က မနက်ဖန်မှာ တိုက်ခိုက်မှုကို ရပ်တန့်သွားမှာပါလို့ အစ္စရေးက ပြောထားပါတယ်။ အဲဒါကြောင့် အပစ်အခတ်ရပ်စဲရေးဟာ မနက်ဖြန်လည်း ဖြစ်နိုင်ပါတယ်” ဟု ဘိုင်ဒင်က အခမ်းအနားကို တက် ရောက်လာသည့် လူ ၁၀၀ ခန့်ကို ပြောကြားခဲ့သည်။

အစ္စရေးအနေဖြင့် ဂါဇာတောင်ပိုင်းရှိ လူနေထူထပ်သည့် ရာဖာမြို့ကို တိုက်ခိုက်မည်ဆိုပါက လက်နက်ကြီးကျည်များ ထောက်ပံ့မှုကို ရပ်တန့်သွားမည်ဟု ဘိုင်ဒင်က မေ ၈ ရက်တွင် အစ္စရေးကို သတိပေးခဲ့ပြီးနောက် ထိုအကြောင်းအရာကို အလေးထား ပြောကြားခဲ့သည်။

အမေရိကန်ထောက်ပံ့ပေးခဲ့သည့် ဗုံးများကို အစ္စရေးက ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးခဲ့့သည့် သတင်းများကို ကြားသိခဲ့ရကြောင်း ဘိုင်ဒင်က ဆိုသည်။

“တကယ်လို့ သူတို့ ရာဖာကို သွားမယ်ဆိုရင် ကျွန်တော်က ဂါဇာရဲ့အခြားမြို့တွေမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေကို ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး”ဟု ဘိုင်ဒင်က CNN သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

“အရင်က အသုံးပြုခဲ့ဖူးတဲ့ လက်နက်တွေနဲ့ လက်နက်ကြီးကျည်တွေကို ကျွန်တော်တို့ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး” ဟု ဘိုင်ဒင်က ပြောသည်။

ဟားမာ့စ်နှင့် အစ္စရေးသည် တိုက်ရိုက်တွေ့ဆုံခြင်း မဟုတ်ဘဲ ကြားဝင်စေ့စပ်ပေးသူများဖြင့် သွယ်ဝိုက်ပြုလုပ်သည့် ဆွေးနွေးညှိ နှိုင်းမှုများကို ထပ်တလဲလဲပြုလုပ်ခဲ့သည့်တိုင် အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု မရရှိခဲ့ပေ။

ဟားမာ့စ်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်က လူပေါင်း ၂၅၀ ခန့်ကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သည်။

လက်ရှိအချိန်အထိ ဂါဇာဒေသရှိ ဟားမာ့စ်အဖွဲ့ထံတွင် သေဆုံးသည့် ဓားစာခံ ၃၆ ဦးအပါအဝင် သေဆုံးသူ ၁၂၈ ဦး ရှိနေဆဲဖြစ်ကြောင်း အစ္စရေးက ပြောကြားခဲ့သည်။

အစ္စရေးတွင် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အရပ်သားအများစုအပါအဝင် လူပေါင်း ၁၁၇၀ ကျော် သေဆုံးခဲ့သည်ဟု တရားဝင်ထုတ်ပြန်ချက်များအပေါ် အခြေခံပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ဟားမာ့စ်တို့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သဖြင့် လက်ရှိအချိန်အထိ အမျိုးသမီးများနှင့် ကလေးအများစု အပါအဝင် လူပေါင်း ၃၄၉၇၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။            

Ref:AFP

Most Read

Most Recent