ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်း အောင်လအန်ဆန် ဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆို

ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်း အောင်လအန်ဆန် ဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆို
Photo: KillCliff FC
Photo: KillCliff FC
Published 18 March 2024

ကချင်တိုင်းရင်းသား MMA ဖိုက်တာ အောင်လအန်ဆန်က ONE Championship ကို လူလိမ်မဖြစ်စေချင်ကြောင်းဆိုခဲ့ပြီး မိမိကို ပွဲတစ်ပွဲပေးရန် တောင်းဆိုခဲ့သည်။

အောင်လအန်ဆန်က''Kill Cliff FC နဲ့ အတူရှိနေရတဲ့နေ့ရက်တွေက တကယ့်ကို ပြီးပြည့်စုံတဲ့ရက်တွေပါပဲ။ ငြီးငွေ့စရာကောင်းတဲ့စကားတွေပြောတတ်တဲ့ အလိမ်အညာသမား မဖြစ်ချင်ပါနဲ့ ONE Championship။ ကျွန်တော်က ပွဲထိုးသတ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ကို ပွဲတစ်ပွဲပေးဖို့ ဖုန်းခေါ်ဆိုပါတော့''ဟု သူ၏ Facebook လူမှုကွန်ရက်မှ နေ၍ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်ကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အောင်လအန်ဆန်ကို Instagram လူမှုကွန်ရက်မှနေ၍ စိန်ခေါ်စကားဆိုထားသည်။

ရှာမေးလ်အာဒိုဂန်က ''မစ္စတာချက်ထရီ(ONE CEO) ခင်ဗျားမှာ သံသယတွေရှိနေရင် ကျွန်တော့်ကို ONE Championship မှာ ပွဲပေးလိုက်ပါ။ ကျွန်တော့်ဘက်က အဆင်သင့်ပါပဲ။ ချန်ပီယံဟောင်း အောင်လအန်ဆန်နဲ့ ထိုးသတ်ချင်ပါ တယ်။ ကျွန်တော် သူ့ကို(အောင်လအန်ဆန်) နှစ်ချီအတွင်း အလဲထိုးပြမှာပါ။ ဒါဟာ ကျွန်တော့်အတွက် သိပ်လွယ်ကူတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ စက်တင်ဘာကျရင်တော့ ဒီရစ်ဒါနဲ့ ဆုံတွေ့ချင်ပါတယ်''ဟု ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

တူရကီဖိုက်တာ ရှာမေးလ်အာဒိုဂန်သည် ယခင်ကလည်း အောင်လအန်ဆန်ကို ယခုကဲ့သို့ စိန်ခေါ်စကားများ ပြောဆိုခဲ့ဖူးသည်။

ရှာမေးလ်အာဒိုဂန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်းက တရုတ်ဖိုက်တာ ဖန်ယုံနှင့် နောက်ဆုံးထိုးသတ်ခဲ့ပြီး ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိထားသည်။

ရှာမေးလ်အာဒိုဂန်သည်  ပရော်ဖက်ရှင်နယ် MMA ပွဲ ၉ ပွဲ ထိုးသတ်ထားရာ ၉ ပွဲစလုံးအနိုင်ရရှိထားပြီး ရှုံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်သည်။

ရှာမေးလ်အာဒိုဂန် အနိုင်ရရှိထားသည့် ၉ ပွဲတွင် အလဲထိုး ၄ ပွဲ၊ ချုပ်ကွက်ဖြင့် တစ်ပွဲ၊ အမှတ်ဖြင့် ၄ ပွဲဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်နှင့် ONE Championship တို့ ချုပ်ဆိုထားသည့် စာချုပ်သစ်မှာ(၆) ပွဲဖြစ်ပြီး (၁၂) လအတွင်း (၃) ပွဲထိုးသတ်ခွင့်ပေးရမည့် အချက်ပါဝင်ကြောင်း သိရသည်။

ထိုစဉ်က အောင်လအန်ဆန်သည် သူ၏ အနီးစပ်ဆုံးပွဲနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသော်လည်း လာမည့်လအနည်းငယ်အတွင်း သူ၏ပွဲကို မြင်တွေ့ရလိမ့်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ONE Championship နှင့် စာချုပ်ကိစ္စရပ်အတွက် သဘောတူညီမှုမရမီက လာမည့်ဧပြီတွင် ၎င်း၏ပွဲကိုမြင်တွေ့ရမည်ဟု ပြောကြားထားသည်။

အောင်လအန်ဆန်သည် သူ၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်ကို ပြန်လည်ရယူမည်ဟု အစောပိုင်းကတည်းကပင် ကြွေးကြော်ထားသော်လည်း လက်ရှိ မစ်ဒယ်ဝိတ်ချန်ပီယံ မာလီခင်က အောင်လအန်ဆန်နှင့် မထိုးသတ်လိုကြောင်း တရားဝင်ထုတ်ဖော်ပြောကြားထားသည်။     

Most Read

Most Recent