အောင်မြင်မှုနှင့်ပတ်သက်၍ အာနိုးလ်၏ပြောကြားမှုကို တုံ့ပြန်ရန် ဂွါဒီယိုလာ ငြင်းဆန်ခဲ့ပြီး ယာဂန်ကလော့ပ် နည်းပြလောကသို့ပြန်လာမည်ဟု မှတ်ချက်ပြု

အောင်မြင်မှုနှင့်ပတ်သက်၍ အာနိုးလ်၏ပြောကြားမှုကို တုံ့ပြန်ရန် ဂွါဒီယိုလာ ငြင်းဆန်ခဲ့ပြီး ယာဂန်ကလော့ပ် နည်းပြလောကသို့ပြန်လာမည်ဟု မှတ်ချက်ပြု
Photo: Getty Images
Photo: Getty Images
Published 10 March 2024

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ သည် ဆုဖလားအောင်မြင်မှုနှင့်ပတ်သက်၍ လီဗာပူးလ်အသင်းနောက်ခံလူ အာနိုးလ်၏ ပြောကြားမှုကိုတုံ့ပြန်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာတွင် အပြိုင်ဖြစ်နေသည့် လီဗာပူးလ် နှင့် မန်စီးတီးအသင်းသည် ယခုတစ်ပတ် ပွဲစဉ် ၂၈ အဖြစ် ယနေ့ မြန်မာစံတော် ချိန် ည ၁၀ နာရီ ၁၅ မိနစ်တွင် အန်ဖီးလ်ကွင်း ၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ယင်းပွဲ မတိုင်မီ နှစ်ဖက်အသင်းကစားသမားများအကြား အပြန်အလှန်ဝေဖန်တိုက်ခိုက်မှုများ ရှိနေပြီး အာနိုးလ်က လီဗာပူးလ်နှင့် မန်စီးတီး အသင်းတို့အကြား ဘဏ္ဍာရေးအခြေအနေ ကွာခြားမှုကြောင့် မိမိတို့ရရှိထားသည့် ဆုဖလားအောင်မြင်မှုမှာ ပိုမိုလေးနက်သည့် အဓိပ္ပာယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားမှုအပေါ် မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက ဖလားသုံးလုံးအောင်မြင်မှုကို အာနိုးလ်ခံစားဖူးမည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို ကွင်းလယ်လူ ဒီယက်စ်ကလည်း ယင်းကဲ့သို့လုပ်နိုင်ချိန်မှသာ သိလိမ့်မည်ဟု ပြောကြားခဲ့သည်။

သို့ဖြစ်ရာ သတင်းစာရှင်းလင်းပွဲတွင် အာနိုးလ်၏ပြောကြားမှုအကြောင်း မေးမြန်းစဉ် ဂွါဒီယိုလာက "သူအမြန်ဆုံးပြန်ကောင်းလာစေဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ ကွင်းထဲကို အမြန်ဆုံး ပြန်လာနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ အာလင်း (ဟာလန်း) နဲ့ ရူဘင် (ဒီယက်စ်) တို့ရဲ့ ပြောစကားတွေကြောင့် သူတို့တိုက်ခိုက်ချင်နေပြီလို့ ခင်ဗျားထင်နေတာပါ။ ဒီလိုပြောဆိုတာတွေမရှိရင် ကျွန်တော်တို့က မတိုက်ခိုက်တော့ဘူးလား။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်တွေမှာဖြစ်ခဲ့သလိုမျိုး ကောင်းမွန်တဲ့ပွဲတစ်ပွဲ ဖြစ်စေဖို့ ကြိုးစားသွားမှာပါ" ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ယခုရာသီကုန်တွင် လီဗာပူးလ် အသင်းနှင့်လမ်းခွဲတော့မည့် ယာဂန်ကလော့ပ် နည်းပြလောကသို့ ပြန်လာနိုင်မည့်အခြေအနေနှင့်ပတ်သက်၍ ဂွါဒီယိုလာက "သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားမှုရှိပါတယ်။ ကျွန်တော် သူနဲ့စကားပြောပြီးချိန်မှာ သူပြန်လာမယ်ဆိုတဲ့ ခံစားချက်မျိုးရနေတယ်။ သူက ဘောလုံးကိုချစ်ပါတယ်။ သူ့ရဲ့ဝါသနာကလည်း ဒီမှာရှိနေတုန်းပဲ။ ဘာကြောင့် အခုလိုလုပ်ရတာလဲဆိုတာကို သူက ပြည့်ပြည့်စုံစုံ ရှင်းပြခဲ့တယ်။ ဒါက ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ နောက်ဆုံးတွေ့ဆုံမှုပါ။ FA ဖလားမှာလည်း ကျွန်တော်တို့ ထပ်တွေ့နိုင်ပါတယ်။ စောင့်ကြည့်တာပေါ့" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent