၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်(၁၈)တွင် ထုတ်ပြန်မည်ဖြစ်ပြီး သြဂုတ်(၁၇)တွင်စတင်၍ မေ(၂၅)တွင် အဆုံးသတ်မည်

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်(၁၈)တွင် ထုတ်ပြန်မည်ဖြစ်ပြီး သြဂုတ်(၁၇)တွင်စတင်၍ မေ(၂၅)တွင် အဆုံးသတ်မည်
Photo: Premier League
Photo: Premier League
Published 26 April 2024

လာမည့် ၂၀၂၄-၂၅ ရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ဇွန်(၁၈)တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ကြာသပတေးနေ့တွင် အတည်ပြုခဲ့သည်။

၂၀၂၄-၂၅ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် သြဂုတ် (၁၇)တွင် စတင်မည်ဖြစ်ပြီး ၂၀၂၅ မေ(၂၅)တွင် အဆုံးသတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ကျင်းပနေသည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို မေ(၁၉) တွင် အဆုံးသတ်မည်ဖြစ်သည့်အတွက် ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယခုရာသီပြီးဆုံးပြီးနောက် ရက်ပေါင်း(၉၀)အကြာတွင် ပြန်လည်စတင်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။

ရာသီသစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ကြားရက်တွင် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်(၃)ပွဲသာ ပါဝင်မည်ဖြစ်ပြီး နှစ်သစ်ကူး ပွဲတော်ရက်ကာလတွင် ကလပ်အသင်းများအား အားလပ်ရက်ပိုမိုရရှိရန် စီစဉ်ပေးထားကြောင်းလည်း သိရသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၁၉၉၂-၉၃ ရာသီတွင် စတင်ကျင်းပခဲ့သောကြောင့် လာမည့် ၂၀၂၄-၂၅ ရာသီမှာ (၃၃)ကြိမ်မြောက် ယှဉ်ပြိုင်ရမည့်ရာသီဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပွဲစဉ်ဇယားကို ၂၀၂၃ ခုနှစ် ဇွန်(၁၅) ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲကို သြ ဂုတ်(၁၁)တွင် စတင်ခဲ့သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဥရောပဘောလုံးလောကတွင် စနစ်အကျဆုံး လိဂ်ပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရပြီး ပွဲစဉ်ဇယားကို အစောဆုံးထုတ်ပြန်လေ့ရှိကြောင်းလည်း သိရသည်။