လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရခြင်းအပေါ် စိတ်ပျက်မိကြောင်းနှင့် ချက်ချင်းတုံ့ပြန်သွားမည်ဟု နော်တင်ဟမ်ဖောရက်စ်အသင်း ကြေညာချက်ထုတ်ပြန်

လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံရခြင်းအပေါ် စိတ်ပျက်မိကြောင်းနှင့် ချက်ချင်းတုံ့ပြန်သွားမည်ဟု နော်တင်ဟမ်ဖောရက်စ်အသင်း ကြေညာချက်ထုတ်ပြန်
Photos: X
Photos: X
Published 20 March 2024

 

ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ဘဏ္ဍာရေးသာတူညီမျှ (FFP) စည်းမျဉ်း ချိုးဖောက်မှုဖြင့် လေးမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရသည့် နော်တင်ဟမ်ဖောရက်စ်အသင်း အယူခံဝင်သွားမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ကလပ်အသင်းများ၏ ငွေကြေးသုံးစွဲမှုကို ထိန်းချုပ်ပေးထားရာ၌ သုံးရာသီအတွင်း အများဆုံး ပေါင် ၁၀၅  သန်းအထိသာ အရှုံးပေါ်ခွင့်ပြုထားသည်။ ထို့ ကြောင့် အကြမ်းဖျင်းအားဖြင့် တစ်ရာသီလျှင် ပေါင် ၃၅ သန်း အရှုံးပေါ်ခွင့် ရှိပြီး နော်တင်ဟမ်ဖောရက်စ်အသင်းက အ ဆိုပါစည်းမျဉ်းနှင့် ကိုက်ညီခြင်းမရှိသည့်အတွက် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ 

နော်တင်ဟမ်ဖောရက်စ်အသင်းသည် လိဂ်ချန်ပီယံရှစ်မှ တန်းတက်လာခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ -၂၃ ရာသီတွင် ကစားသမားသစ် ၂၂ ဦးအထိ ခေါ်ယူခဲ့ပြီး အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁၄၂ ဒသမ ၈ သန်းအထိ သုံးစွဲခဲ့သည်။ ထို့ကြောင့် ပရီးမီးယားလိဂ်မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် သတ်မှတ်ထားသည့်ပမာဏထက် ပေါင် ၃၄ ဒသမ ၅ သန်းထက်ပိုမိုကာ အရှုံးပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပရီးမီးယားလိဂ်အနေဖြင့် သုံးရာသီအတွင်း အများဆုံး ပေါင် ၁၀၅ သန်းသာ အရှုံးပေါ်ခွင့်ရှိ သည်ဟု သတ်မှတ်ထားသော်လည်း နော်တင်ဟမ်ဖောရက်စ်အသင်းသည် လိဂ်ချန်ပီယံရှစ်တွင် နှစ်ရာသီကစားခဲ့ခြင်းကြောင့် နောက်ဆုံးရာသီတွင် ပေါင် ၆၁ သန်းအထိ အရှုံးပြခွင့်ပေးထားခြင်းဖြစ်သည်။ 

သို့သော် နော်တင်ဟမ်ဖောရက်စ်အသင်းသည် ၂၀၂၂-၂၃ ရာ သီတွင် ပေါင် ၉၅ ဒသမ ၅ သန်းအထိ အရှုံးပြခဲ့သည်။ နော်တင်ဟမ်ဖောရက်စ်အသင်းက ယင်းဖြစ်ရပ်အပေါ် ကြေညာချက်ထုတ် ပြန်ရာတွင် ပရီးမီးယားလိဂ်ကော်မရှင်၏ဆုံးဖြတ်ချက်အတွက် လုံးဝစိတ်ပျက်မိကြောင်းနှင့် ချက်ချင်းတုံ့ပြန်သွားမည်ဖြစ်ကြောင်း ရေးသားခဲ့သည်။ ယခုပြစ်ဒဏ်ကို ခုနစ်ရက်အတွင်း အယူခံဝင်ခွင့်ရရှိမည်ဖြစ်ပြီး အသင်းတာဝန်ရှိသူများက ရှေ့နေများနှင့် တိုင်ပင်နေကြောင်း သိရသည်။

နော်တင်ဟမ်ဖောရက်စ်အသင်းသည် ရမှတ်လျှော့ပြစ်ဒဏ် မချမှတ်ခံရမီ ရမှတ် ၂၅ မှတ်ဖြင့် အဆင့် ၁၇ နေရာတွင် ရှိနေသော်လည်း ယခုပြစ်ဒဏ်ကြောင့် အမှတ်ပေးဇယားတွင် လူတန်အသင်း၏အောက် တန်းဆင်းဇုန်ထဲသို့ ကျရောက်သွားခဲ့ကာ ရမှတ် ၂၁ မှတ်ဖြင့် အဆင့် ၁၈ နေရာတွင် ရပ်တည်နေလျက်ရှိသည်။

 

Most Read

Most Recent