ငါးရက်အတွင်း ငါးမှတ်ဆုံးရှုံးရခြင်းမှာ လက်ခံနိုင်စရာမရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါက မြင့်မားသည့်အဆင့်အတန်းရှိရမည်ဟု အဲရစ်တန်ဟက်ဂ် ဝေဖန်

ငါးရက်အတွင်း ငါးမှတ်ဆုံးရှုံးရခြင်းမှာ လက်ခံနိုင်စရာမရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါက မြင့်မားသည့်အဆင့်အတန်းရှိရမည်ဟု အဲရစ်တန်ဟက်ဂ် ဝေဖန်
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 6 April 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ငါးရက်အတွင်း ငါးမှတ်ဆုံးရှုံးရခြင်းမှာ လက်ခံနိုင်စရာမရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရလိုပါက မြင့်မားသည့် အဆင့်အတန်းရှိရန်လိုကြောင်း ဝေဖန်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် မတ် ၃၀ ရက်က ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲတွင် နာကျင်အချိန်ပို ၉၀+၆ မိနစ်၌ ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း ၉၀+၉ မိနစ်တွင် ချေပဂိုးခွင့်ပြုခဲ့ရသဖြင့် တစ်ဂိုးစီသရေကျခဲ့သည်။ ထို့ပြင် ဧပြီ ၄ ရက်က ချယ်လ်ဆီးအသင်းနှင့်ပွဲတွင်လည်း ၉၀+၉ မိနစ်အထိ (၂-၃) ဂိုးဖြင့် ဦးဆောင်ထားနိုင်သော်လည်း ၉၀+၁၀ မိနစ်နှင့် ၉၀+ ၁၁ မိနစ်တွင် ချေပဂိုးနှင့် အနိုင်ဂိုး နှစ်ဂိုးဆက်တိုက်ပေးရကာ ရှုံးပွဲကြုံတွေ့ခဲ့ရသည်။

သို့ဖြစ်ရာ တန်ဟက်ဂ်က "ကျွန်တော်တို့ ကျူးလွန်ခဲ့တဲ့ တစ်ဦးချင်းအမှားတွေက ကိုယ့်ရဲ့ပွဲကို သက်ရောက်မှုဖြစ်စေတာပါ။ အဲဒါကနေ ကျွန်တော်တို့ သင်ခန်းစာယူရပါမယ်။ မန်ယူနိုက်တက်ကစားသမားတစ်ဦး ဖြစ်လာရင် ဒီလိုအခြေအနေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိသင့်ပါတယ်။ ငါးရက်အတွင်းမှာ ကျွန်တော်တို့ ငါးမှတ်ဆုံးရှုံးသွားတာပါ။ အဲဒါက လက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ ချန်ပီယံလိဂ်မှာယှဉ်ပြိုင်ချင်တယ်ဆိုရင် မြင့်မားတဲ့အဆင့်အတန်း ရှိရပါမယ်။  ရမှတ်တွေက ပိုပြီး တန်ဖိုးကြီးလာပါပြီ။ ကျွန်တော်တို့ အခုလို လုပ်လိုက်တာနဲ့ ဆုံးဖြတ်ချက်အမှားတွေလုပ်မိတာက အရမ်းကို စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့က အနိုင်ရသင့်ပွဲကို လက်လွှတ်လိုက်တာပါ" ဟု ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် ယင်းပွဲတွင် နောက်ခံလူ ဗာရန်းနှင့် အီဗန်စ်တို့ ဒဏ်ရာထပ်မံရရှိသွားသဖြင့် လာမည့်ပွဲစဉ်များတွင် ခံစစ်ပိုင်းအခက်အခဲ ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း သိရသည်။ ဗာရန်းမှာ ပေါင်ခြံဒဏ်ရာကြောင့် ပထမပိုင်းအပြီးတွင် လူစားလဲခဲ့ရပြီး ၎င်းနေရာတွင် လူစားဝင်ကစားသည့် အီဗန်စ်မှာလည်း ၆၆ မိနစ်တွင် ပြန်လည်လူစားလဲခဲ့ရသည်။ 

ဘရန့် ဖို့ဒ်အသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် နောက်ခံလူ လင်ဒီလော့ဖ် (ပေါင်ဒဏ်ရာ) နှင့် လီဆန်ဒရိုမာတီနက်ဇ် (ခြေသလုံးဒဏ်ရာ) မှာလည်း တစ်လခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

သို့ဖြစ်ရာ မန်ယူအသင်းတွင် ဘယ်နောက်ခံလူ လုခ်ရှောနှင့် မာလာစီယာအပြင် ခံစစ်အတွင်းလူ လီဆန်ဒရိုမာတီနက်ဇ်၊ လင်ဒီလော့ဖ်၊ ဗာရန်းနှင့် အီဗန်စ်တို့လည်း ဒဏ်ရာပြဿနာရှိနေခြင်းဖြစ်သည်။

Most Read

Most Recent