တန်းတက်ခွင့်ရခဲ့သည့် နာခွန်ရတ်ချာစီမာအသင်း တိုက်စစ်မှူး အောင်ကောင်းမာန်ကို တစ်ရာသီသက်တမ်းတိုးမည်

တန်းတက်ခွင့်ရခဲ့သည့် နာခွန်ရတ်ချာစီမာအသင်း တိုက်စစ်မှူး အောင်ကောင်းမာန်ကို တစ်ရာသီသက်တမ်းတိုးမည်
Photo: AKM Facebook
Photo: AKM Facebook
Published 3 April 2024

 

လက်ရှိကျင်းပနေသည့် ၂၀၂၃-၂၀၂၄ ရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် ပြိုင်ပွဲမပြီးဆုံးမီ တန်းတက်ခွင့်ရခဲ့သည့် နာခွန်ရတ်ချာစီမာ အသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန်ကို တစ်ရာသီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် နာခွန်ရတ်ချက်စီမာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး စာချုပ်ပါ အချက်အလက်များအရ ထိုင်းလိဂ်-၁ ပြိုင် ပွဲသို့ တန်းတက်ခွင့်ရပါက တစ်ရာသီ ထပ်မံသက်တမ်းတိုးရန် ထည့်သွင်းချုပ်ဆိုထားခြင်း ဖြစ်သည်။ ထို့ကြောင့် နာခွန်ရတ်ချာစီမာ အသင်းသည် အောင်ကောင်းမာန်ကို လာမည့်ရာသီတွင် တစ်ရာသီ သက်တမ်းတိုးရမည် ဖြစ်သည်။ 

အောင်ကောင်းမာန်သည် နာခွန် ရတ်ချာစီမာအသင်းတွင် ခြေစွမ်းပြကစားနိုင်သလို ပွဲကစားခွင့်လည်း ရရှိနေသူဖြစ်သည်။ အောင်ကောင်းမာန်ကစားနေသည့် နာခွန်ရတ်ချာစီမာအသင်းသည် တန်းတက်ခွင့်ရရန် သေချာသွားပြီဖြစ်သော်လည်း ချန်ပီယံဆုအတွက် လက်ကျန်ပွဲများတွင် ဆက်လက်ကြိုးပမ်းရမည်ဖြစ်သည်။

အောင်ကောင်းမာန်သည် ၂၀၂၀ ပြည့် နှစ်တွင် ပြည်ပကလပ်များသို့ စတင်သွားရောက်ခဲ့ပြီး ကိုးသင်းမြောက် ပြည်ပကလပ်အသင်းအဖြစ် နာခွန်ရတ်ချာစီမာအသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ အောင်ကောင်းမာန်သည် ထိုင်းကလပ်များဖြစ်သည့် ထရတ် အသင်း၊ လမ်ပန်အသင်း၊ ခွန်ကန်ယူနိုက်တက်အသင်း၊ အူဒုံထာနီအသင်း၊ ချောင်ဘူရီ အသင်း၊ ကာစတန်ယူနိုက်တက်အသင်း၊ အူထိုင်းထာနီအသင်း၊ မလေးရှားကလပ် ဆရီပါဟန်းအသင်းတို့တွင် ကစားခဲ့သည်။