အီး-ဘိုက်  ခေါ် လျှပ်စစ်ဘီး အသုံးပြုခြင်းနှင့်ပတ်သက်၍ 

အီး-ဘိုက်  ခေါ် လျှပ်စစ်ဘီး အသုံးပြုခြင်းနှင့်ပတ်သက်၍ 
Published 5 May 2024
ရွှေသင် ( MPP) 

''ဆန်းနစ်ခရိုင် အီး-ဘိုက် အစီအစဉ်အောင်မြင်မှု''

    မြောက်အမေရိကဒေသတွင် လျှပ်စစ်စက်ဘီးပြန်အမ်းငွေကိစ္စ ရေပန်းစားနေသည်။ အထူးသဖြင့် ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်၊ ဆန်းနစ် (Saanich) ခရိုင်တွင် ပို၍လှုပ်လှုပ်ရှာရှားဖြစ်နေသည်ဟုဆိုသည်။ ဆန်းနစ်ခရိုင်တွင် E-bike Incentive Pilot Program ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့တွင်စတင်ခဲ့သည်။ ရလဒ်အနေဖြင့် ယခုအခါ ဆန်းနစ်ခရိုင်တွင် နေထိုင်သူ ၃၈၀ ကျော်သည် ဓာတ်ငွေ့ထုတ်လွတ်မှု လျော့ကျကင်းစင်ကာ ကျန်းမာပြီး ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ခရီးသွားနိုင်ပြီဖြစ်သည်။ ထိုအစီအစဉ်သည် ဝင်ငွေအခြေခံမက်လုံးပေးအဆင့်သုံးခုမှ တစ်ခုစီတွင် မက်လုံးပေါင်း ၁၀၀ ကျော်ကို ပေးအပ်ခဲ့ပါသည်။  .

    ဤလူကြိုက်များသော ထိုအစီအစဉ်သည်  အဆိုပါဒေသတွင်းနေထိုင်သူများအား ကိုယ်ပိုင်သယ်ယူပို့ဆောင်၊ သွားလာရေးအတွက် အီးဘိုက် (e-bike ) အသစ်များ ဝယ်ယူရန် မက်လုံးများပေးထားခြင်းဖြစ်သည်။ မက်လုံးအစီအစဉ်မှ ဝင်ငွေအဆင့်အပေါ် မူတည်၍ အလွှာသုံးလွှာဖြင့်  မက်လုံးပေးမှုအရေအတွက်  ၁ဝဝကျော် ပံ့ပိုးပေးခဲ့ပြီဖြစ်သည်။ ဆန်းနစ်ဒေသခံ ဦးရေ ၃၈၀ ကျော်သည်ယခုအချိန်တွင် ဓာတ်ငွေ့ထုတ်လွှတ်မှုကင်းစင်သော၊ ကျန်းမာရေးကောင်းသည့် အစီအစဉ်အဖြင့် ခရီးသွားလာနိုင်ပြီဟုဆိုထားသည်။ ပြည်သူလူထုကြားတွင်လည်း  ဆန်းနစ်ဒေသ အီး-ဘိုက်အစီအစဉ်ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့လျော့ပါးစေသည့်  ခရီးသွား အပြုအမူအလေ့အကျင့်နှင့်အတူ ကုန်ကျစရိတ်ထိရောက်မှု၊ ကောင်းမွန်သောကျန်းမာရေးသက်ရောက်မှုတို့ကို စတင်မြင်တွေ့နေရပြီဟုလည်း ပြောဆိုနေကြသည်။   

    ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဆန်းနစ်ခရိုင် အီး-ဘိုက်အစီအစဉ်အကောင်အထည်ဖော်မှု ကြားဖြတ်အစီရင်ခံစာကို ကနဦးတွေ့ရှိချက်များဖြင့် ဆန်းနစ်ခရိုင်ကောင်စီသို့ တင်ပြခဲ့သည်။ အစီရင်ခံစာပါ တွေ့ရှိချက်များအရ အစီအစဉ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ ချွေတာရေးအစီအစဉ် သည် ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစရိတ်ချွေတာရေး၊ အရေးကြီးသောကျန်းမာရေး အကျိုးသက်ရောက်မှုကဲ့သို့ အကျိုးကျေးဇူးများစွာရှိကြောင်း ကောက်ချက်ချနေကြသည်။ ၂၀၂၃ ခုနှစ်တွင် ဆန်းနစ်ခရိုင်မှာပင် လျှပ်စစ်စက်ဘီး ပြန်အမ်းငွေအစီအစဉ် (Electirc Bike Rebate Program) စတင်ခဲ့ပြန်သည်။

''မေးခွန်းများ''  

     သယ်ယူပို့ဆောင်ရေးစီမံကိန်းရေးဆွဲသူများသည် ဒေသတွင်း၌ မော်တော်ယာဉ်သုံးစွဲမှု လျှော့ချမှုနှင့်အတူ အခြားသော သဘာဝပတ်ဝန်းကျင်အရေး၊ ကျန်းမာရေးစသည့် တနွယ်ငင်တစင်ပါကောင်းကျိုးများအတွက် လျှပ်စစ်စက်ဘီး ပိုမိုအသုံးပြုလာစေရေး ဆွဲဆောင်စည်းရုံးလုပ်ဆောင်နေကြခြင်းဖြစ်သည်။      သက်ဆိုင်ရာတာဝန်ရှိသူများသည် မော်တော်ယာဉ်သုံးစွဲသူများကို မက်လုံးများပေး၍ မော်တော်ယဉ်အသုံးပြုမှုလျှော့ချကာ ကျန်းမာသောပိုမိုညီညွတ်သော၊ ရာသီဥတုနှင့် လိုက်ဖက်သော အခြားရွေးချယ်စရာများဆီသို့ ပြောင်းလဲလာစေရန် ကြိုးပမ်းလာနေကြသည်။ “မက်လုံးများသည်ဆွဲဆောင်မှုပိုမိုအားကောင်းလာနိုင် မည်လား။ အကျိုးသက်ရောက်မှုကို အပြည့်အဝနားလည်သဘောပေါက်ကြမည်လား။  စက်ဘီးစီးခြင်းအလေ့အထသည် တာရှည်ခံနိုင်မည်လား”  စသည်ဖြင့် မေးခွန်းများလည်း ထွက်ပေါ်လာနေသည်။

        

''ဆန်းနစ်ခရိုင် စစ်တမ်းများကပြောသည့် အဖြေ''

    ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာပြည်နယ်၊ ဆန်းနစ် Saanich, B.C ခရိုင်တွင် အကောင်အထည်ဖော်နေသည့်  e-bike incentive program တွင် ပါဝင်သူများကို စစ်တမ်းကောက်ယူလေ့လာနေသည့်  UBC's Research on Active Transportation (REACT) သုတေသနအဖွဲ့တွင် စစ်တမ်းရလဒ်များမှ အဖြေအချို့ရှိနေသည်။ 

''မော်တော်ကားဖြင့် ခရီးသွားမှုလျော့ကျလာခြင်း''

    ၂၀၂၁-၂၀၂၂ ကာလက ပြုလုပ်ခဲ့သည့်  ဆန်းနစ်ခရိုင်အစီအစဉ်သည် ပြည်သူတစ်ဦးချင်း၏ဝင်ငွေပေါ် အဆင့်ပေါ်မူတည်၍ အီး-ဘိုက် အသစ်ဝယ်ယူမှု  ကုန်ကျစရိတ်ကိုကာမိစေရန် မတူညီသောပြန်အမ်းငွေသုံးမျိုးကို ပေးဆောင်ထားခြင်းဖြစ်သည်။ အခြေခံပြန်အမ်းငွေမှာဒေါ်လာ ၃၅၀ ဖြစ်ပြီး ဝင်ငွေအနည်းဆုံးအိမ်ထောင်စုများသည် ဒေါ်လာ ၁၆၀၀ အထိ ရရှိနိုင်သည်။

    စစ်တမ်းရလဒ်များအရ သုံးစွဲသူ ၉၃ ရာခိုင်နှုန်း၏ အီးဘိုက်များသည် အသစ်များဖြစ်ကြသည်။ စုစုပေါင်းစက်ဘီးအသုံးပြုသူ ၆၀ ရာခိုင်နှုန်းသည် အီး-ဘိုက်အသစ်ဝယ်ယူထားသူများဖြစ်ကြပြီး အီး-ဘိုက်ဝယ်ယူမှုမြင့်တက်ခဲ့သည်ကို သိသာထင်ရှားစွာ တွေ့ခဲ့ရသည်။ ဝယ်ယူပြီး တစ်နှစ်ကြာသည်အထိ သုံးစွဲသူများသည် ၎င်းတို့၏အီး-ဘိုက်များကို ရက်သတ္တတစ်ပတ်လျှင် သုံးရက်မှ လေးရက်အထိ အသုံးပြုလျက် စိတ်ကျေနပ်မှုရှိနေကြသည်ဟုဆိုသည်။ ၎င်းတို့၏ မော်တော်ယာဉ်ဖြင့် သွားလာမှုကို တစ်ပတ်လျှင် ပျမ်းမျှ ၄၈ ကီလိုမီတာနှုန်းဖြင့် လျှော့ချနိုင်ခဲ့သည်။ အစီအစဉ်ကို ဦးဆောင်သူ Research on Active Transportation (REACT) Lab မှ တွဲဖက်ပါမောက္ခ အင်ဂျင်နီယာ ဒေါက်တာ Alex Bigazzi က “မက်လုံးက လူတွေကို အီး-ဘိုက်တွေပြောင်းသုံးစွဲဖို့ အားပေးရုံသာမက ကြာရှည်အ သုံးပြုပြီး ခရီးသွားအမူအကျင့်တွေမှာ ထူးထူးခြားခြားပြောင်းလဲမှုတွေ ဖြစ်စေပါတယ် ”ဟု သုံးသပ်သည်။ မက်လုံးများသည် ဝင်ငွေနည်းသောအုပ်စုများအပေါ် အကြီးမားဆုံး သက်ရောက်မှုရှိခဲ့သည်ဟုဆိုသည်။ 

''ကာဗွန်ထုတ်လွှတ်မှု နည်းပါးသွားခြင်း''

      အီး-ဘိုက်များ ဝယ်ယူသုံးစွဲကြပြီးသည့် နောက်တစ်နှစ်လျှင် ဒေသတွင်းပြည်သူတို့သည် ၎င်းတို့၏ ခရီးသွားလာမှုမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ရက်သတ္တတစ်ပတ်လျှင် ပျမ်းမျှကာဗွန်ဒိုင်အောက်ဆိုဒ် ၁၆ ကီလိုဂရမ်ဖြင့် လျှော့ချနိုင်ခဲ့သည်။ ပမာဏများပြားသည့် ဆုကြေးမက်လုံးများရရှိသူများသည် မော်တော်ယာဉ်အသုံးပြုမှုနှင့် ကာဗွန်ထုတ်လွှတ်မှု အများဆုံးလျှော့ချသူများ ဖြစ်သည်။ “ဝင်ငွေနည်းတဲ့ မိသားစုတွေရရှိတဲ့ ပိုကြီးတဲ့မက်လုံးတွေက အစီအစဉ်အတွက် အကျိုးသက်ရောက်မှုတွေကို သိသိသာသာဖြစ်စေပြီး သူတို့ကိုလည်း ကုန်ကျစရိတ်သက်သာတဲ့ရွေးချယ်မှုတစ်ခုကို ပေးစွမ်းနိုင်ခဲ့ပါတယ်” ဟု ဒေါက်တာ Bigazzi က ထပ်မံ ပြောကြားခဲ့သည်။

''အီး-ဘိုက် ပြန်အမ်းငွေနှင့်ပတ်သက်၍ ''   

    အီး-ဘိုက်အစီအစဉ် မက်လုံးများနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်လာရာတွင် ၎င်းတို့၏ ရာသီဥတုနှင့်သက်ဆိုင်သည့် အကျိုးအမြတ်များနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်မြင့်မားသည်ဟုသုံးသပ်မှုများလည်းရှိသည်။ သို့သော် ဆန်းနစ်ခရိုင် အီး-ဘိုက်အစီအစဉ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တစ်တန်လျှင် ဒေါ်လာ ၁၉၀ မှ ၇၂၀ ခန့်ဖြင့် သတ်မှတ်ထားသော ကနေဒါနိုင်ငံအဆင့် အခြားသယ်ယူပို့ဆောင်ရေးထောက်ပံ့မှုများနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် အလုပ်ဖြစ် သည်ဟုလည်း ထောက်ပြကြသည်။   

    “လျှပ်စစ်ကားမက်လုံးတွေနဲ့ ယှဉ်ရင် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချရာမှာ စရိတ်စက ပိုသက်သာကြောင်း အကြံပြုထားပြီး လူတစ်ဦးချင်း ကျန်းမာရေးကိုယ်လက်လှုပ်ရှားမှုတိုးလာခြင်း၊ လေထုညစ်ညမ်းမှုကို လျော့ကျစေခြင်းနဲ့ ခရီးသွားလာမှုစရိတ်များ လျော့ကျခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်'' ဟု ဒေါက်တာ Bigazzi က ထောက်ပြထားသည်။  

''ကျေးဇူးပြုနိုင်သည့် အီး-ဘိုက် အစီအစဉ်''

    ကနေဒါနိုင်ငံတွင် ဆန်းနစ်ခရိုင်မှစခဲ့သည့် အီး-ဘိုက်အစီအစဉ်ကို ပိုမိုကျယ်ပြန့်သော ပြည်နယ်အနှံ့ အကောင်အထည်ဖော်နိုင်ရေး သုတေသီတို့ ဆန်းစစ်လေ့လာကြသည်။ ရာသီဥတုနှင့် မြေမျက်နှာသွင်ပြင်ကွဲပြားမှုနှင့် ဘေးကင်းသော စက်ဘီးစီးလမ်းကြောင်းများ ရရှိနိုင်မှုအပါအဝင် အစီအစဉ်ကို ပံ့ပိုးနိုင်မည့် ကောင်းမွန်သောအခြေအနေများကို ဆက်လက်ရှာဖွေနေကြသည်။ မည်သို့ပင်ဆိုစေကာမူ အီး-ဘိုက်ခေါ် လျှပ်စစ်စက်ဘီးအသုံးပြုမှုကြောင့် ခရီးသွားလာမှုအတွက် မော်တော်ယာဉ်အသုံးပြုမှုနေရာတွင် ၎င်းတို့၏စက်ဘီးများကို အစားထိုး၍ အတိုင်းအတာတစ်ခုအထိရှိခဲ့သည်။ အထူးသဖြင့် ဝင်ငွေနည်းအိမ်ထောင်စုများသည် ၎င်းတို့၏ မော်တော်ကားခရီးစဉ်များကို လျှော့ချခဲ့ကြသောကြောင့် ကာဗွန်ထုတ်လွှတ်မှုအခြေအနေကို လျော့ကျစေခဲ့ကြသည်။ အစီအစဉ်သည် အတိုင်းအတာတစ်ခုအထိ လူသားနှင့် သဘာဝပတ်ဝန်းကျင်ကို  ယိုယွင်းပျက်စီးမှုနည်းပါး၍ အထောက်အကူပြုစေသည်မှာ သေချာသည်ဟု ယေဘုယျဆိုနိုင်ပါလိမ့်မည်။         

Ref: https://www.eurasiareview.com/  

Most Read

Most Recent