ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူးအောင်ကောင်းမာန် နာခွန်ရတ်ချာဆီမာအသင်းအတွက် ဂိုးသွင်းယူ

ယခုတစ်ပတ် ကျင်းပခဲ့သည့် ထိုင်းလိဂ်ပြိုင်ပွဲများတွင် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူးအောင်ကောင်းမာန် နာခွန်ရတ်ချာဆီမာအသင်းအတွက် ဂိုးသွင်းယူ
Photo: Nakhonratchasima
Photo: Nakhonratchasima
Published 11 March 2024

၂၀၂၃ - ၂၀၂၄ ရာသီ ထိုင်းလိဂ်ပြိုင်ပွဲများကို ပြီးခဲ့သည့် မတ် ၈၊ ၉၊ ၁၀ ရက်များက ကျင်းပပြုလုပ်ခဲ့ရာ မြန်မာကစားသမားများထဲမှ တိုက်စစ်မှူးအောင်ကောင်းမာန်မှာ နာခွန်ရတ်ချာဆီမာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၁ ပြိုင်ပွဲ ပွဲစဉ် ၂၁ တွင် တိုက်စစ်မှူးအောင်သူ၏ အူထိုင်းထာနီအသင်းသည် ဆိပ်ကမ်းအသင်းနှင့်(၃-၃) ဂိုးဖြင့် သရေကျခဲ့ပြီး အောင်သူမှာ ပွဲကစားချိန်(၈၁) မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။

တောင်ပံတိုက်စစ်မှူးမောင်မောင်လွင်၏ လမ်ဖွန်အသင်းသည် ညာနောက်ခံလူ ဟိန်းဖြိုးဝင်း၏ ရတ်ချာဘူရီအသင်းနှင့် တွေ့ဆုံခဲ့ပြီး ရတ်ချာဘူရီအသင်းက(၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် မောင်မောင်လွင်မှာ ပွဲကစားချိန်(၇၇) မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့ပြီး ဟိန်းဖြိုးဝင်းမှာမူ ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်-၁ တွင်  နာခွန်ပသွမ်အသင်းမှ နောက်ခံလူ ဇော်မင်းထွန်းမှာလည်း ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ် ၂၈ တွင် တိုက်စစ်မှူးအောင်ကောင်းမာန်၏ နာခွန်ရတ်ချာဆီမာအသင်းသည် ကာစတမ်အသင်းကို(၃-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အောင်ကောင်းမာန်မှာ ပွဲထွက်ကစားခွင့်ရခဲ့သလို ပွဲအစ(၃) မိနစ်တွင် အသင်းအတွက် အဖွင့်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့သည်။

အောင်ကောင်းမာန်သည် ယခုရာသီဝက်မှ နာခွန်ရတ်ချာဆီမာအသင်းသို့ ရောက်ရှိခဲ့သော်လည်း နှစ်ဂိုးသွင်းယူပေးထားပြီးဖြစ်သည်။

လွင်မိုးအောင်၏ ရရောင်းအသင်းသည် ကန်ချနာဘူရီအသင်းကို(၂-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး လွင်မိုးအောင်မှာ ပွဲထွက်ကစားခွင့်ရခဲ့သော်လည်း ပထမပိုင်းအပြီးတွင် လူစားလဲခံခဲ့ရသည်။

အီစိုး၏ ကာဆက်ဆက်အသင်းသည် စည်သူအောင်၏ ဆာမတ်ပရာကန်အသင်းကို(၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် အီစိုးမှာ ဝင်ရောက်ကစားခွင့် မရခဲ့သော်လည်း စည်သူအောင်မှာ ပွဲကစားချိန်(၅၆) မိနစ်တွင် ဝင်ရောက်ကစားခွင့်ရခဲ့သည်။

သန်းပိုင်၏ ချင်းမိုင်ယူနိုက်တက်အသင်းသည် ဆွမ်လမန်၏ ပတ္တရားယူနိုက်တက်အသင်းကို(၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲတွင် သန်းပိုင်မှာ ဝင်ရောက်ကစားခွင့် မရခဲ့သော်လည်း ဆွမ်လမန်မှာ ပွဲထွက်ကစားခွင့်ရခဲ့ကြောင်း သိရသည်။

Most Read

Most Recent