ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးမလုပ်မီ လူ ၁၀၀,၀၀၀ ဝန်းကျင်ကို နေရာရွှေ့ပြောင်းပေးနေသည်ဟု အစ္စရေးစစ်တပ်ပြောကြား

ဂါဇာကမ်းမြောင်တောင်ပိုင်းရှိ ရာဖာမြို့ကို မြေပြင်စစ်ဆင်ရေးမလုပ်မီ လူ ၁၀၀,၀၀၀ ဝန်းကျင်ကို နေရာရွှေ့ပြောင်းပေးနေသည်ဟု အစ္စရေးစစ်တပ်ပြောကြား
ရာဖာအရှေ့ပိုင်းမှ မြင်းလှည်းဖြင့် ထွက်ပြေးလာသူများကို မေ ၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ရာဖာအရှေ့ပိုင်းမှ မြင်းလှည်းဖြင့် ထွက်ပြေးလာသူများကို မေ ၅ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 6 May 2024

ဂါဇာတောင်ပိုင်းမြို့ ရာဖာကို မြေပြင် ထိုးစစ်ဆင်မည့် ကိစ္စမတိုင်မီ ယင်းမြို့၏အ ရှေ့ပိုင်းတွင်နေထိုင်သောပြည်သူ ၁၀၀,၀၀၀ ခန့်ကို ရွှေ့ပြောင်းပေးနေသည်ဟု မေ ၆ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“ခန့်မှန်းခြေကတော့ လူ ၁၀၀,၀၀၀  ဝန်းကျင်ဖြစ်ပါတယ်”ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရက သတင်းထောက်များကို ပြောကြားခဲ့သည်။

လူ ၁ ဒသမ ၂ သန်းခန့်သည် လက်ရှိတွင် ရာဖာမြို့၌ ခိုလှုံနေသည်ဟု ကမ္ဘာ့ကျန်း မာရေးအဖွဲ့၏ထုတ်ပြန်ချက်အရသိရပြီး ၎င်းတို့ထဲက အများစုသည် ဂါဇာကမ်းမြောင်၏ အခြားသောနေရာများမှ စစ်ရှောင်လာသူများဖြစ်သည်ဟု သိရသည်။

“ပြည်သူတွေကို နေရာရွှေ့ပြောင်းပေးတာဟာ ဟားမာ့စ်ကို ချေမှုန်းဖို့ ကျွန်တော်တို့ရဲ့အစီအစဉ်တွေထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ရာဖာမှာသူတို့ရှိနေတာ၊ ရာဖာမှု သူတို့ရဲ့စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်တွေ ရှိနေတယ်ဆိုတဲ့ ပြင်းထန်တဲ့သတိပေးချက်ကို မနေ့က ကျွန်တော်တို့ သိလိုက်ရပါတယ်”ဟု အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“ဒါဟာ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ရွှေ့ပြောင်းရေး အစီအမံဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အစ္စရေးနှင့်ဂါဇာအကြားရှိ ခါရမ်ရှာလွမ်နယ်စပ်ဂိတ်ရှိရာဘက်သို့ ဒုံးကျည်များ အတွဲလိုက်ပစ်ခတ်သဖြင့် မေ ၅ ရက်တွင် အစ္စရေးစစ်သားသုံးဦးသေဆုံးသွားခဲ့ပြီး စစ်သားတစ်ဒါဇင်ကျော် ဒဏ်ရာရသွားခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ရာဖာနှင့်ကပ်လျက်နေရာမှ ဒုံးကျည်များ ပစ်ခတ်ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။

အဆိုပါ နယ်စပ်ဂိတ်အနီးတွင် စခန်းချထားသော စက်ယန္တရားကြီးများ၊ တင့်ကားများ၊ မြေတူးစက်များကို စောင့်နေသော အစ္စရေးစစ်သားများကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

စစ်တပ်က ပြည်သူများ ရွှေ့ပြောင်းရန်  အကြံပြုထားသော စာရွက်များကို လေယာဉ်ပေါ်မှ ကြဲချသည့် မေ ၆ ရက်တွင် မိုးရွာနေခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုကို ဟားမာ့စ် လက်နက်ကိုင်အဖွဲ့ခွဲတစ်ခုက လုပ်ဆောင်ခဲ့သည်ဟု ပြောကြားသည်။ ယင်းတိုက်ခိုက်မှုကြောင့် အစ္စရေးအာဏာပိုင်များက ယင်းနယ်စပ်ဂိတ်ကို ပိတ်ထားလိုက်သည် ဟု သိရသည်။ ခါရမ်ရှာလွမ်နယ်စပ်ဂိတ်သည် ဂါဇာသို့ စားနပ်ရိက္ခာအကူအညီများပေးပို့ရာတွင် အသုံးပြုသော ဂိတ်ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် အစ္စရေးကာကွယ်ရေးဝန်ကြီးတို့သည် လွန်ခဲ့သော ရက်ပိုင်းတွင် အဆိုပါနယ်စပ်ဂိတ်ကို လာရောက်ခဲ့ကြသည်။

ဂါဇာတောင်ပိုင်းမြို့ရာဖာကို အစ္စရေး လုပ်ဆောင်ရန်စီစဉ်ထားသည့်ထိုးစစ်အတွက်အရပ်သားပြည်သူများကို အကာအကွယ်ပေးမည့် အစီအမံတစ်ရပ်အား မိမိမတွေ့ရဟု မေ ၁ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်က ပြောကြားခဲ့ပြီး အမေရိကန်သည် ရာဖာစစ်ဆင်ရေးကို မထောက်ခံနိုင်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ ရာဖာစစ်ဆင်ရေးသည် ဆိုးရွားမှုဆီ ဦးတည်သွားလိမ့်မည်ဟု ကုလသမဂ္ဂက သတိပေးခဲ့သည်။         

Ref: AFP

Most Read

Most Recent