အိန္ဒိယ-ပါကစ္စတန် ရေတပ်အင်အား အပြိုင်အဆိုင်တိုးချဲ့ခြင်းနှင့် တရုတ်-ပါကစ္စတန် မိတ်ဖက်ဆက်ဆံရေး

အိန္ဒိယ-ပါကစ္စတန် ရေတပ်အင်အား အပြိုင်အဆိုင်တိုးချဲ့ခြင်းနှင့် တရုတ်-ပါကစ္စတန် မိတ်ဖက်ဆက်ဆံရေး
Photo: Asia Times
Photo: Asia Times
Published 6 May 2024
TRANSLATED - ဖြိုးဟိန်းကျော်

မကြာသေးမီက ပါကစ္စတန်သည် ၎င်းတို့၏ ပထမဆုံးဟန်ဂါအတန်းစား ရေငုပ်သင်္ဘောကို ရေချခဲ့ပြီး အိန္ဒိယကလည်း ရေငုပ်သင်္ဘောများကို ပစ်မှတ်ထားချေမှုန်းသည့် မျိုးဆက်သစ်ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးသုံးလက်နက်တစ်မျိုးကို အပြိုင်စမ်းသပ်ခဲ့ကာ အိန္ဒိယသမုဒ္ဒရာ၌ အပြိုင်အဆိုင် လက်နက်တပ်ဆင်မှုများ ဖြစ်ပေါ်နေသည့် အခြေအနေကြားတွင် တရုတ်က သိသိသာသာ ပါဝင်လာခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလက တရုတ်သမ္မတ ရှီကျင်းပင် အစ္စလမ္မာဘတ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း China Shipbuilding & Offshore International Company Ltd နှင့် ပါကစ္စတန်အစိုးရအကြား လက်မှတ်ရေး ထိုးခဲ့သည့် စီမံကိန်းမှရရှိသော ပါကစ္စတန်၏ ရေငုပ်သင်္ဘောသစ်တွင် ခေတ်မီလက်နက်များနှင့် ခပ်လှမ်းလှမ်းအကွာအဝေးမှ ပစ်မှတ်များကို ထောက်လှမ်းနိုင်သည့် အာရုံခံကိရိယာများ ထည့်သွင်းတပ်ဆင်မည်ဖြစ်သည်။

ဟန်ဂါအတန်းစား ရေငုပ်သင်္ဘောများ သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ Type 039B ယွမ်အတန်းစား ရေငုပ်သင်္ဘောများ၏ ပြည်ပတင်ပို့သည့် မျိုးကွဲတစ်မျိုးဖြစ်သည်။ ပါကစ္စတန်သည် တရုတ်ထံမှ ရေငုပ်သင်္ဘော ရှစ်စင်းဝယ်ယူမည့် သဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ် ဧပြီလက လက်မှတ်ရေးထိုးခဲ့ပြီး ရေငုပ်သင်္ဘောလေးစင်းကို ပါကစ္စတန်၏ Karachi Shipyard & Engineering Works Ltd သင်္ဘောကျင်း၌ တည်ဆောက်လျက်ရှိကာ ကျန်လေးစင်းကို တရုတ်တွင် တည်ဆောက်လျက်ရှိသည်။ ၂၀၂၂ နှင့် ၂၀၂၈ ခုနှစ်အတွင်း အဆိုပါ ရေငုပ်သင်္ဘောရှစ်စင်းကို လွှဲပြောင်းပေးရန် ကနဦးစီစဉ်ထားသော်လည်း ၂၀၂၄ ခုနှစ်တွင် ပထမဆုံးရေငုပ်သင်္ဘောကို ရေချခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်ရေတပ်က ရေငုပ်သင်္ဘောများ၏ အကူစနစ်များ သို့မဟုတ် လက်နက်စနစ်များနှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြခြင်းမရှိပေ။ ထိုရေငုပ်သင်္ဘောများသည် အရွယ်အစားအားဖြင့် အလျား ၇၆ မီတာ၊ တန်ချိန် ၂,၈၀၀ အလေးချိန်ရှိသည့်အတွက် အလျားအနည်းငယ်ပိုတိုသော်လည်း ကနဦးတွင် ထိုင်းနိုင်ငံအတွက် ရည်ရွယ်ခဲ့သည့် Type 039B S26 အမျိုးအစား၏ ပြည်ပပို့ကုန်မျိုးကွဲဖြစ်သော S26 ရေငုပ်သင်္ဘောထက် အလေးချိန်ပိုများသည်။

ရေငုပ်သင်္ဘောများတွင် အသုံးပြုမည့် MTU 396 ဒီဇယ်အင်ဂျင်များ ပြည်ပတင်ပို့မှုကို ဂျာမနီက ပိတ်ပင်ခဲ့သဖြင့် ထိုင်းနိုင်ငံက တရုတ်ထံမှရေငုပ်သင်္ဘောများဝယ်ယူမည့် အစီအစဉ်ကို စွန့်လွှတ်ခဲ့သည်။ ပါကစ္စတန်၏ ရေငုပ်သင်္ဘောသစ်များတွင် တရုတ်ထုတ် CHD 620 အင်ဂျင်ကို အသုံးပြုဖွယ်ရှိသည်။

ဟန်ဂါအတန်းစား ရေငုပ်သင်္ဘောများတွင် Babur-3 အမျိုးအစား ရေငုပ်သင်္ဘောမှပစ်လွှတ်သည့် ခရုစ်ဒုံးကျည်များ တပ်ဆင်မည်ဆိုလျှင် ပါကစ္စတန်သည် နက်နက်ရှိုင်းရှိုင်းနှင့် ထိထိရောက်ရောက် ထိုးဖောက်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်လာမည်ဖြစ်သော်လည်း လတ်တလောတွင် ထိုရေငုပ်သင်္ဘော များ၌တပ်ဆင်မည့် လက်နက်စနစ်များကို တရားဝင်အတည်ပြုခြင်း မရှိသေးပေ။

ကာလရှည်ပြိုင်ဘက် ပါကစ္စတန်ကို အားကျမခံဘဲ အိန္ဒိယ၏ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း(DRDO)ကလည်း အသံထက်မြန်သော ဒုံးလက်နက်အထောက်အကူပြု တော်ပီဒိုပစ်လွှတ်ရေးစနစ်(SMART)ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်။

မြေပြင်အခြေစိုက် ရွေ့လျားဒုံးပစ်လွှတ်စနစ် စမ်းသပ်မှုကို ဘင်္ဂလားပင်လယ်အော်ရှိ သြရိသပြည်နယ်ကမ်းလွန် အဗ္ဗဒူကာလမ်ကျွန်း၌ ပြုလုပ်ခဲ့ပြီး ယင်းစမ်းသပ်မှုသည် ဟန်ချက်ညီညီခွဲထွက်မှု၊ လွှတ်ထုတ်မှုနှင့် အလျင်ထိန်းချုပ်မှု ကိရိယာများ၏ စွမ်းဆောင်ရည်ကို စိစစ်အတည်ပြုခြင်းဖြစ်သည် ဟုဆိုသည်။

SMART သည် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးသုံး ပစ်စင်အခြေပြုတာလတ်ပစ် ဒုံးလက်နက်စနစ်ဖြစ်ကာ ပေါ့ပါးသည့် တော်ပီဒိုဒုံးကျည်များကို ပေါက်ကွဲပစ္စည်းအဖြစ် အသုံးပြုသည်။ ယင်းဒုံးလက် နက်စနစ်သည် ၆၄၃ ကီလိုမီတာ အကွာအဝေးအထိ ရောက်ရှိနိုင်ပြီး သင်္ဘောများမှ သို့မဟုတ် ကမ်းရိုးတန်းအခြေစိုက် လက်နက်ကြီးများမှ ပစ်ခတ်နိုင်သည်။ အဆိုပါစနစ်သည် ပျံသန်းနေသော လေယာဉ်များ သို့မဟုတ် သင်္ဘောများ၏ ရေငုပ်သင်္ဘော ရှာဖွေထောက်လှမ်းရေး၊ ဖော်ထုတ်အတည်ပြုရေးစနစ်များနှင့် ချိတ်ဆက်ထားသည့် အပြန်အလှန် အချက်အလက်ပေးပို့မှုစနစ်ကို အသုံးပြုသည်။

ပါကစ္စတန်နှင့် အိန္ဒိယရေတပ်အကြား အင်အားကွာဟမှုကြောင့် ပါကစ္စတန်အနေဖြင့် ပင်လယ်ပြင်၌ ဘက်မညီစစ်ပွဲအတွက် ပြင်ဆင်ရန်လိုအပ်မည်ဖြစ်သည်။ အိန္ဒိယသည် လေယာဉ်တင်သင်္ဘောနှစ်စင်း၊ ဖျက် သင်္ဘော ၁၂ စင်း၊ ဖရီးဂိတ်စစ်သင်္ဘော ၁၂ စင်း၊ သမားရိုးကျ တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၁၆ စင်းနှင့် နျူကလီးယားပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောနှစ်စင်းပိုင်ဆိုင်ထားသည့်အတွက် ပါကစ္စတန်သည် ရေတပ်အင်အားချင်း မယှဉ်သာအောင် အားနည်းနေသည်။

ထို့အတွက်ကြောင့် ပါကစ္စတန်အနေဖြင့် ဘက်မညီစစ်ပွဲသုံး ရေတပ်စစ်နည်းဗျူဟာများကို အားပြုကာ အိန္ဒိယ၏ အင်အားသာလွန်မှုကို တန်ပြန်ချေဖျက်ရန် ပင်လယ်ပြင် အခြေစိုက်နျူကလီးယားလက်နက်များ တီ ထွင်ရေးကို အားပြုလုပ်ဆောင်ရမည်ဖြစ်သည်။

ပါကစ္စတန်၏ အဟန့်အတားအတွက် ချဉ်းကပ်မှုပုံစံမှာ တိုက်ပွဲသုံးနျူကလီးယား လက်နက်များ အသုံးပြု၍ အိန္ဒိယ၏ သမားရိုးကျ စစ်အင်အားသာလွန်မှုကို ထိန်းညှိရန် အဓိကဦးတည်ကြောင်း Observer Research Foundation မှ ကျွမ်းကျင်ပညာရှင် အဘစ်ဂျ်နန်ရက်ဂျ်က ၂၀၁၈ ခုနှစ် မေလတွင် ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် အလေးအနက်ဖော်ပြခဲ့သည်။

Babur-3 ခရုစ်ဒုံးကျည်သည် ပါကစ္စတန်၏ ပေါက်ကွဲနှုန်းနည်းသည့် တိုက်ပွဲသုံး နျူကလီးယားလက်နက်များအား MIRV လက်နက်စနစ်တွင် တပ်ဆင်နိုင်သည့် အဘာဘီး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်ကဲ့သို့ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များနှင့် တွဲဖက်မည့် ပင်လယ်ပြင်အခြေပြု နယ်ပယ်စုံ အဟန့်အတားစွမ်းရည် တည်ဆောက်ရေး အယူအဆအတွက် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ MIRV ဆိုသည်မှာ ပစ်မှတ်အသီးသီးအတွက် ပဲ့ထိန်းစနစ်ပါသော ထိပ် ဖူးအများအပြားပါသည့် ဒုံးလက်နက်တစ်မျိုးဖြစ်သည်။

အဆိုပါ မဟာဗျူဟာသည် ပါကစ္စတန်ပိုင်နက်ကို သိမ်းယူရန် ကြိုးပမ်းမည့် အိန္ဒိယ၏ “Cold Start” အယူအဆကို ဟန့်တားရန်နှင့် ပါကစ္စတန်၏ နျူကလီးယားလက်နက်တိုက်ကို ဖျက်ဆီးရန်ရည်ရွယ်သည့် အိန္ဒိယ၏ ဖြစ်နိုင်ဖွယ်ရှိသော တိုက်ခိုက်မှုကို ကြိုတင်ဟန့်တားရန်ဖြစ်သည်။

တရုတ်က ဒီဇိုင်းထုတ်ထားသည့် ပါကစ္စတန် ရေငုပ်သင်္ဘောသစ်များသည် အိန္ဒိယသမုဒ္ဒရာကို ဆုံချက်ထား၍ တရုတ်နှင့် ပါကစ္စတန်အကြား ကနဦးအဆင့် မဟာမိတ်ဆက်ဆံရေး ရုပ်လုံးပေါ်လာမှုကို ဖော်ညွှန်းနေပုံရ သည်။

ကနဦးအဆင့် မဟာမိတ်ပြုခြင်းသည် တရားဝင်သဘောတူစာချုပ်ချုပ်ဆိုသည့် မဟာမိတ်ပြုခြင်းကဲ့သို့ ကျယ်ပြန့်မှုမရှိသော်လည်း ပုံမှန်ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များထက် ပို၍အဆင့်မြင့်သည်ဟု အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျုက ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သည့် ဆာမီယာ လာဝါနီက ရေးသားခဲ့သည်။

တရုတ်နှင့် ပါကစ္စတန်စစ်တပ်အကြား မိတ်ဖက်ဆက်ဆံရေးသည် ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း သိသိသာသာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး တရုတ်သည် ပါကစ္စတန်အားသမားရိုးကျစစ်လက်နက်များ၊ မဟာဗျူဟာမြောက် အသုံးအဆောင်များနှင့် အဆင့်မြင့်တိုက်ခိုက်ရေး စွမ်းရည်များကို အဓိကပံ့ပိုးနေသည့် နိုင်ငံဖြစ်သည်ဟုလည်း လာဝါနီက ဆိုသည်။

အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာခြင်း၊ အိန္ဒိယ-တရုတ်နယ်စပ်ရှိ ဟိမဝန္တာတောင်တန်းဒေသတွင် ထိတွေ့ပစ်ခတ်မှုများ အပြန်အလှန်ဖြစ်ပွားခဲ့ခြင်း၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ကစဥ့်ကလျားထွက်ခွာခြင်းတို့သည် ပြည်ပစစ်အခြေစိုက်စခန်းများ တည်ဆောက်ရန်နှင့် ပါကစ္စတန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် တရုတ်က တွန်းအားပေးလုပ်ဆောင်နေသည့် အဓိကအ ကြောင်းရင်းများဖြစ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။

တရုတ်နှင့် ပါကစ္စတန်တို့သည် စစ်ရေးလေ့ကျင့်မှုများပြုလုပ်သည့် အရှိန်အဟုန်နှင့် ခက်ခဲနက်နဲမှု အတိုင်းအတာကို တိုးမြှင့်ခဲ့ပြီး ၎င်းတို့၏ စစ်လက်နက်ထောက်ပံ့မှု ကွင်းဆက်နှင့် ဆက်သွယ်ရေးကွန်ရက်စနစ်အချင်းချင်း ပိုမိုအံဝင်ခွင်ကျဖြစ်လာခြင်းကြောင့် ၎င်းတို့၏ ကာကွယ်ရေးစွမ်းရည်များကို ပေါင်းစပ်နိုင်ခဲ့သည်ဟု လာဝါနီက ထောက်ပြခဲ့သည်။

ယင်းသည် အိန္ဒိယသမုဒ္ဒရာ၌ တရုတ်နှင့် ပါကစ္စတန်တို့၏ ရေငုပ်သင်္ဘောများ ပူးတွဲခုတ်မောင်းသွားလာမှုများကို သိသိသာသာ အကျိုးပြုနိုင်သည်။ အမေရိကန်နှင့် ဂျပန်ရေတပ်တို့ အဓိကကင်းလှည့်နေသည့် အနောက်ပစိဖိတ်ဒေသနှင့်စာလျှင် အိန္ဒိယသမုဒ္ဒရာသည် တရုတ်ရေတပ်၏ လှုပ်ရှားမှုများအတွက် မျက်စိကျစရာဖြစ်သည်ဟု Asia Times သတင်းစာက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။

ဂျီဘူတီရှိ တရုတ်ရေတပ်စခန်းက ၎င်းဒေသ၌ ဖြန့်ကြက်လှုပ်ရှားမှုများကို အထောက်အပံ့ပေးလျက်ရှိပြီး ပါကစ္စတန်ရှိ ဂွါဒါဆိပ်ကမ်းသည်လည်း တရုတ်၏ ရေငုပ်သင်္ဘောများ ဖြန့်ကြက်လှုပ်ရှားရာ အခြေစိုက်စခန်း တစ်ခုဖြစ်လာနိုင်သည်။ တရုတ်၏ ပင်လယ်ရေကြောင်းတိုင်းတာရေးနှင့် ကင်းထောက်သင်္ဘောများ၊ ရေအောက်ဒရုန်းများသည်လည်း အိန္ဒိယသမုဒ္ဒရာတွင် ပိုမိုနေရာယူလာခဲ့သည်။

ယင်းလှုပ်ရှားမှုများသည် တရုတ်က ပင်လယ်ရေအောက်အခြေအနေနှင့် အနာဂတ်တွင် ရေငုပ်သင်္ဘောများ ခုတ်မောင်းသွားလာနိုင်သည့် လမ်းကြောင်းများကို မြေပုံထုတ်နေသည့် လက္ခဏာဖြစ်နိုင်သည်။

ထို့ပြင် အိန္ဒိယသမုဒ္ဒရာ၌ တရုတ်၏ ဖြန့်ကြက်နေရာယူမှု တိုးမြှင့်လာခြင်းသည် အိန္ဒိယ၏ သြဇာနယ်ပယ်ကို ခြိမ်းခြောက်လာပြီး တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားနေသည့် ပြိုင်ဘက်နိုင်ငံများအပေါ် တရုတ်၏ လုပ်ဆောင်ပုံများကို မြင်တွေ့နေရသည့်အတိုင်းပင် အိန္ဒိယ၏ အထူးစီးပွားရေးဇုန်ကိုလည်း ထိပါးလာနိုင်သည်။ အိန္ဒိယသမုဒ္ဒရာ၌ ယင်းသို့ဖြန့်ကြက်လှုပ်ရှားရာတွင် ဘင်္ဂလားပင်လယ်အော်နှင့် အာရေဘီယန် ပင်လယ်ရှိ အိန္ဒိယရေတပ်သင်္ဘောများနှင့် စစ်လက်နက်အသုံးအဆောင်များကို စောင့် ကြည့်ထောက်လှမ်းမှုများ ပါဝင်နိုင်သည်။

ရေငုပ်သင်္ဘောအစီအစဉ် နှောင့်နှေးကြန့်ကြာမှုများရှိနေပြီး ရေငုပ်သင်္ဘောဖျက် လက်နက်စနစ်များ တပ်ဆင်ထားသော စစ်သင်္ဘောများရှားပါးနေစဉ် အိန္ဒိယ၏ SMART ဒုံးလက်နက်စမ်းသပ်မှုသည် လိုအပ်သည့် စွမ်းရည်များကို ဖြည့်တင်းရာ၌ အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်နိုင်သည်။

အိန္ဒိယရေတပ်၏ သမားရိုးကျ ရေငုပ်သင်္ဘောအုပ်တွင် အများစုသည် ဆယ်စုနှစ်ခုကျော် သက်တမ်းကြာမြင့်နေသည့်အတွက် ရေငုပ်သင်္ဘောသစ်များ ဖြည့်တင်းဝယ်ယူရေးအတွက် အာရုံစိုက်ရန်လိုအပ်သည်ဟု အာရှလုံခြုံရေးနှင့် နိုင်ငံတကာရေးရာဂျာနယ်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ဖော်ပြခဲ့သည့် ကျွမ်းကျင်သူများက စိစစ်အကဲဖြတ်ထားသော ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထားသည်။

Ref: Asia Times

Most Read

Most Recent