အမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းအရေအတွက်များများဖြင့် နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပပေးသွားစေလိုကြောင်း YREO အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်း ပြောကြား

အမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းအရေအတွက်များများဖြင့် နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပပေးသွားစေလိုကြောင်း YREO အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်း ပြောကြား
Photo: MFF
Photo: MFF
Published 6 May 2024

YREO အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို အသင်းအရေအတွက်များများဖြင့် နှစ်စဉ်နှစ်တိုင်း မပျက်မကွက်ကျင်းပပေးသွားစေလိုကြောင်း ထုတ်ဖော်ပြောကြားသည်။

ဒေါ်သက်သက်ဝင်းက ''ပြိုင်ပွဲက အသင်းအရေအတွက်နည်းတော့ သုံးကျော့ကစားရမှာပါ။ သုံးကျော့ကစားရတဲ့အတွက် ကောင်းပါတယ်။ ကလေးတွေ ပွဲများများကစားခွင့်ရသလို အသင်းတွေအတွက်လည်း အခွင့်အရေးတွေ ရစေမှာပါ။ ကျွန်တော်တို့ အသင်းက ပြိုင်ပွဲပြင်ဆင်မှုအနေနဲ့ သစ္စာအားမာန်အသင်းနဲ့ ခြေစမ်းကစားတော့ (၁-၁) ဂိုးနဲ့ သရေကျပါတယ်။ မြဝတီအသင်းနဲ့လည်း ကစားထားပါတယ်။ (၁-၂) ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ ကျွန်တော်တို့အသင်းက အသင်းငယ်လေးဆိုတော့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးတော့ ပြင်ဆင်ထားပါတယ်။ YREO အသင်းက အသက်အငယ်ဆုံးအသင်းပါ။ အသက် ၁၆၊ ၁၇ အရွယ်တွေပါ။ ကျောင်းအသင်းလေးပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ကလေးတွေ ပွဲများများကစားခွင့်ရဖို့၊ လူငယ်အသင်းတွေမှာ ရွေးချယ်ခံရဖို့နဲ့ နောက်နှစ်တွေမှာ ကလပ်အသင်းတွေက စိတ်ဝင်စားပြီး ခေါ်ယူနိုင်ဖို့ရယ်ပါ။ ကျွန်တော့်ကလေးတွေက စီနီယာအသင်းကြီးတွေနဲ့ ကစားခွင့်ရမှာဖြစ်လို့ အရမ်းကို ဝမ်းသာနေပါတယ်။ အမျိုးသမီးအသင်းတွေကို ဒီထက်များများ ဖြစ်ပေါ်စေချင်တယ်။ အမျိုးသမီးကစားသမားလေးတွေ အလုပ်အကိုင် အခွင့်အလမ်း၊ အသက်မွေးဝမ်းကျောင်းတွေ များများပေါ်ပေါက်လာစေချင်တယ်။ နောက်နှစ်တွေမှာ အသင်း ၁၂ သင်း၊ ၁၃ သင်းနဲ့ လိဂ်-၁၊ လိဂ်-၂ ဒီလိုမျိုးလေးတွေ ဖြစ်လာစေချင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ အသင်းအရေအတွက်များများနဲ့ နှစ်စဉ်နှစ်တိုင်း ကျင်းပပေးသွားစေချင်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို မေ (၇) တွင် စတင်ကျင်းပမည်ဖြစ်ပြီး အဖွင့်ပွဲအဖြစ် မြဝတီနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီနှင့် သစ္စာအားမာန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပြိုင်ပွဲကို သုံးကျော့စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမအကျော့ပွဲစဉ်များကို မေ (၇) ရက်မှ ဇွန် (၁၁) ရက်အထိ ရန်ကုန်မြို့ရှိ စလင်းကွင်း၊ ပဒုမ္မာကွင်းနှင့် YUSC ကွင်းတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

 

Most Read

Most Recent