၂၁၀၃ ခုနှစ်အထိ ချန်ပီယံလိဂ်ချန်ပီယံအသင်းများကို AI ဖြင့် ခန့်မှန်းရာတွင် ပရီးမီးယားလိဂ် Big Six အနက် အာဆင်နယ် ပါဝင်လာခြင်းမရှိ

၂၁၀၃ ခုနှစ်အထိ ချန်ပီယံလိဂ်ချန်ပီယံအသင်းများကို AI ဖြင့် ခန့်မှန်းရာတွင် ပရီးမီးယားလိဂ် Big Six အနက် အာဆင်နယ် ပါဝင်လာခြင်းမရှိ
Photo: X
Photo: X
Published 11 April 2024

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းများကို AI (ညဏ်ရည်တု)နည်းပညာ အသုံးပြုပြီး ၂၁၀၃ ခုနှစ်အထိ ခန့်မှန်းရာတွင် အာဆင်နယ်အသင်း မပါဝင်ခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့သည်။

AI ၏ခန့်မှန်းမှုတွင် နယူးကာဆယ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဘရန့်ဖို့ဒ်နှင့် ယခု လိဂ်ချန်ပီယံရှစ်ပြိုင်ပွဲသို့ တန်းဆင်းကစားနေရသည့် လက်စတာအသင်းများပင် ဗိုလ်စွဲမည့်စာရင်းဝင်ခဲ့သော်လည်း အာဆင်နယ်အသင်း မပါဝင်မှုမှာ အငြင်းပွားစရာ ဖြစ်ခဲ့သည်။

ထို့ပြင် AI က လာမည့် ၂၀၂၅ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲမည့်အသင်းအဖြစ် မန်ယူအသင်းကို ခန့်မှန်းပေးထားပြီး လက်ရှိအခြေအနေတွင်မူ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၆)နေရာရောက်နေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန်ပင် မလွယ်ကူကြောင်း သိရသည်။

မန်ယူအသင်းသည် အဆင့် (၄)နှင့် (၅)နေရာများတွင်ရှိသည့် စပါး၊ အက်စတွန်ဗီလာအသင်းများနှင့် (၁၁) မှတ်အထိ ကွာဟနေခြင်းဖြစ်သည်။

AI ၏ခန့်မှန်းမှုတွင် ချန်ပီယံဖြစ်နိုင်သည့် အသင်းပေါင်း (၄၀)သင်းအထိ ရှိနေပြီး အာဆင်နယ်အသင်း၏ Big Six ပြိုင်ဘက်အားလုံး ပါဝင်နေလျက်ရှိသည်။

မန်စီးတီးအသင်းက (၅)ကြိမ်၊ လီဗာပူးလ်က (၃)ကြိမ်၊ ချယ်လ်ဆီး၊ နယူးကာဆယ်နှင့် နော်တင်ဟမ်က (၂)ကြိမ်စီ၊ စပါး၊ မန်ယူ၊ ဘရန့်ဖို့ဒ်နှင့် လက်စတာအသင်းက (၁)ကြိမ်စီ ရရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။

နောက်လာမည့် (၁၆)နှစ်အတွင်း ချန်ပီယံ (၁၃)သင်း ပေါ်ထွက်မည်ဟု ခန့်မှန်းထားသဖြင့် အနာဂတ် ဥရောပဘောလုံးသည် ပိုပြီးမျှခြေရှိမည်ဟု AI က ယူဆထားသည်။

ယခုရာသီတွင် ချန်ပီယံဖြစ်မည့်အသင်းအဖြစ် AI က ဘာစီလိုနာအသင်းကို ခန့်မှန်းထားပြီး ချန်ပီယံလိဂ်အအောင်မြင်ဆုံး ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် နောက်ထပ်ဆုဖလားကို ၂၀၃၁ အထိ စောင့်ရမည်ဟု သုံးသပ်ထားသည်။

ရှာရစ်ဖ်၊ မာလ်မို၊ ဖယ်ရန်ဗာရို့စ်၊ ဖီယင်နု၊ ဒိုင်နမိုဇာဂရက်၊ အလာဗတ်စ်စသည့် အသင်းငယ်လေးများလည်း ချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်သည့် စာရင်းတွင် ပါဝင်လျက်ရှိသည်။

မန်စီးတီးအသင်း၏နောက် အက်သလက်တီကိုအသင်းက ချန်ပီယံ(၄)ကြိမ်ဖြင့် ဒုတိယအများဆုံး ဗိုလ်စွဲမည့်အသင်းအဖြစ် AI က ယူဆခဲ့သည်။

ပရိသတ်တစ်ဦးက လူမှုကွန်ရက် X တွင် '' ကောင်းပြီ၊ သူတို့ထဲမှာ စတုတ်မပါပါဘူး။ ဒါကြောင့်  အနည်းဆုံးတော့ လက်တွေ့ဆန်ပါတယ်''ဟု အရွှန်းဖောက်ခဲ့သည်။

ပရိသတ်အချို့ကမူ အာဆင်နယ်အသင်း ၂၁၀၃ ခုနှစ်အထိ ချန်ပီယံလိဂ်ဆုဖလားမရနိုင်ဟု AI ၏ ရေးသားမှုကို ကောက်နုတ်ပြီး နောက်ပြောင်ရေးသားခဲ့ကြသည်။

Most Read

Most Recent