ယခုနှစ် ဧပြီလသည် ကမ္ဘာ့အပူပြင်းဆုံး ဧပြီလအဖြစ် စံချိန်တင်ခဲ့

ယခုနှစ် ဧပြီလသည် ကမ္ဘာ့အပူပြင်းဆုံး ဧပြီလအဖြစ် စံချိန်တင်ခဲ့
ဧပြီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ပူပြင်းနေသည့် ရာသီဥတုအတွင်း သစ်ပင်တစ်ပင်အောက်တွင် အရိပ်ခိုနေသည့် လမ်းဘေးစျေးသည်တစ်ဦးကို တွေ့ရစဉ်(Photo:AFP)
ဧပြီ ၂၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်တွင် ပူပြင်းနေသည့် ရာသီဥတုအတွင်း သစ်ပင်တစ်ပင်အောက်တွင် အရိပ်ခိုနေသည့် လမ်းဘေးစျေးသည်တစ်ဦးကို တွေ့ရစဉ်(Photo:AFP)
Published 9 May 2024

ယခုနှစ် ဧပြီလအတွင်း ကမ္ဘာလုံးဆိုင်ရာ လေထုနှင့် ပင်လယ်ရေမျက်နှာပြင် ပျမ်းမျှ အပူချိန်များသည် စံချိန်တင်ပူပြင်းခဲ့ပြီး ကမ္ဘာ့အပူပြင်းဆုံး ဧပြီလအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု ဥရောပ၏ ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့က မေ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အပူချိန်များကို မြင့်တက်စေသည့် အယ်နီညို ရာသီဥတုဖြစ်စဉ်သည် အားလျော့လာသည့်တိုင် ပုံမှန်မဟုတ်သည့် အပူချိန်များရှိ နေဆဲဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ကိုပါနီကပ်စ်ရာဦ ဥတုပြောင်းလဲမှုဆိုင်ရာဌာနက ထုတ်ပြန်ခဲ့ပြီး လူသားများကြောင့် ဖြစ်ပွားခဲ့သည့် ရာသီဥတုပြောင်းလဲမှုသည် မိုးလေဝသ အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း ထောက်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လကစပြီး လအလိုက် အပူနွေးဆုံးစံချိန်များတင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလသည် ၁၈၅၀ ပြည့် နှစ်-၁၉၀၀ ပြည့်နှစ် စက်မှုခေတ်မတိုင်မီကထက် အပူချိန် ၁ ဒသမ ၅၈ ဒီဂရီဆဲလ်စီး ယပ်စ် ပိုမိုများပြားခဲ့သည်။

ပုံမှန်အခြေအနေမဟုတ်ဘဲ ကမ္ဘာလုံးဆိုင်ရာ လစဉ် အပူချိန်များ စံချိန်တင်မြင့်တက်မှုသည် ၂၀၁၅-၂၀၁၆ ခုနှစ်ကကဲ့သို့ ဖြစ်နေ သည်ဟု ကိုပါနီကပ်စ်ဌာနက ဆိုသည်။

ပြီးခဲ့သည့် ၁၂ လအတွင်း ပျမ်းမျှအပူချိန်များသည် စက်မှုခေတ်မတိုင်မီကထက် ၁ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ် ပိုမိုများပြားခဲ့ပြီး ၂၀၁၅ ခုနှစ်က ပါရီသဘောတူညီချက်တွင် ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှ အပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိသာ ကန့်သတ်ထားသည့် သတ်မှတ်ချက်ကို ကျော်လွန်ခဲ့သည်။

ထိုသို့ မူမမှန်သည့် အပူချိန်များကြောင့် ဆယ်စုနှစ်တစ်စုချင်းစီ၏ ကာလအတွင်း အပူချိန်များကို တွက်ချက်ခဲ့သည့် ပါရီသဘောတူညီချက်၏ သတ်မှတ်ချက်သည် မှားယွင်းသည်ဟု ယူဆ၍ မရနိုင်ပေ။

သို့သော် ထိုအခြေအနေသည် မိမိတို့ လက်ရှိခံစားနေရသည့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်များ၏ အခြေအနေကို အံအားသင့်ဖွယ် ဖော်ပြနေသည့် လက္ခဏာတစ်ခုဖြစ်ခဲ့သည်ဟု ကိုပါနီကပ်စ်၏ ရာသီဥတုဗေဒပညာရှင် ဂျီလီယန် နီကိုလက်စ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဥရောပတွင် အပူပြင်းဆုံး ဧပြီလအဖြစ် စံချိန်တင်ခဲ့ပြီး မတ်လသည်လည်း အပူပြင်းဆုံး မတ်လဖြစ်ခဲ့သည်။

ဘရာဇီးနိုင်ငံတောင်ပိုင်းတွင် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေချိန်တွင် အိန္ဒိယမှစပြီး ဗီယက်နမ်အထိ အာရှဒေသအများအပြားတွင် မကြာသေးမီ သီတင်းပတ်များအတွင်း ပြင်းထန်သည့် အပူလှိုင်းများ ကျရောက်ခဲ့သည်။

ထို့ပြင် ဧပြီလအတွင်း ကမ္ဘာတစ်ဝန်း၌ ရေကြီးမှုများနှင့် မိုးခေါင်မှုများကဲ့သို့ ဆန့်ကျင်ဘက်ပုံစံ ဆိုးရွားသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး မြောက်အမေရိက၊ ဗဟိုအာရှနှင့် ပါရှန်ပင်လယ်ကွေ့တို့၏ နေရာဒေသအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့် နွေရာသီကာလများတွင် အပူလှိုင်းကျရောက်သည့် အကြိမ်အရေပိုများလာပြီး ပိုမိုပြင်းထန်ကာ အချိန်ပိုကြာမြင့်နိုင်သည်ဟု သိပ္ပံပညာရှင်များက သတိပေးထားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်လည်း ဧပြီလ၌ အပူချိန်စံချိန်တင်မြင့်တက်ခဲ့ကာ ယခုနှစ်စကတည်းက ထိုင်းနိုင်ငံတွင် အပူလျှပ်မှုကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိခဲ့ပြီး ကမ္ဘောဒီးယားတွင် လူသေဆုံးမှုများဖြစ်စေသည့် လက်နက်ခဲယမ်းများ ပေါက်ကွဲမှုဖြစ်စဉ်သည် အပူချိန်မြင့်တက်မှုနှင့်ဆက်နွှယ်နေသည်ဟု ထုတ်ပြန်ထားသည်။ Ref:AFP

Most Read

Most Recent