အီရန်က ပစ်ခတ်ခဲ့သည် ဖောက်ခွဲရေး ဒရုန်းနှင့် ဒုံးကျည် ၂၀၀ ကျော်ကို နယ်စပ်အပြင်ဘက်တွင် အစ္စရေးက ကြားဖြတ်ပစ်ချခဲ့ပြီး စစ်ဘက်အဆောက်အအုံတစ်လုံး ပျက်စီး

အီရန်က ပစ်ခတ်ခဲ့သည် ဖောက်ခွဲရေး ဒရုန်းနှင့် ဒုံးကျည် ၂၀၀ ကျော်ကို နယ်စပ်အပြင်ဘက်တွင် အစ္စရေးက ကြားဖြတ်ပစ်ချခဲ့ပြီး စစ်ဘက်အဆောက်အအုံတစ်လုံး ပျက်စီး
Published 14 April 2024

အီရန်က ပစ်ခတ်ခဲ့သည် ဖောက်ခွဲရေးဒရုန်းနှင့် ဒုံးကျည် ၂၀၀ ကျော်ကို နယ်စပ်အပြင်ဘက်တွင်အစ္စရေးက ကြားဖြတ်ပစ်ချခဲ့ပြီး စစ်ဘက်အဆောက်အအုံတစ်လုံး ပျက်စီးခဲ့သည်ဟု သိရသည်။

အီရန်သည် အစ္စရေးပိုင်နက်ကို ပထမဆုံး တိုက်ရိုက် တိုက်ခိုက်မှုအဖြစ် ဧပြီ ၁၃ ရက်ညပိုင်းတွင် ဖောက်ခွဲရေးဒရုန်း ရာပေါင်းများစွာနှင့်ဒုံးကျည်များကို ပစ်လွှတ်ခဲ့သည်။

အချက်ပေးဥဩသံများ မြည်နေပြီး အဝေးမှ ကျယ်လောင်သော ပစ်ချသံများနှင့်ပေါက်ကွဲသံများကို ကြားရသည်ဟု အစ္စရေးရောက် ရိုက်တာသတင်းထောက်များက ပြောကြားသည်။

ပစ်ချသံများနှင့် ပေါက်ကွဲသံများသည် ဖောက်ခွဲရေးဒရုန်းများကို ကြားဖြတ်ပစ်ချသဖြင့်ထွက်ပေါ်လာသော အသံများဖြစ်သည်ဟု အစ္စရေးပြည်တွင်း မီဒီယာက ဖော်ပြခဲ့သည်။

အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်ဟု အစ္စရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

အီရန်သည် အစ္စရေးဘက်သို့ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည် ဒါဇင်ချီ ပစ်လွှတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက ပြောကြားခဲ့ပြီး ဒုံးကျည်အများစုကို အစ္စရေးနယ်စပ်အပြင်ဘက်တွင် ကြားဖြတ်ပစ်ချခဲ့သည်ဟု ဆိုသည်။ အဆိုပါ ဒုံးကျည်များထဲတွင် ခရုစ်ဒုံးကျည်  ၁၀ ခု ကျော်ပါဝင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်က လက်ရှိအချိန်ထိ ဒရုန်းနှင့်  ဒုံးကျည် ၂၀၀ ကျော်ကို တစ်ပြိုင်တည်း ပစ်ခဲ့သည်ဟု ဟာဂါရီက ပြောကြားခဲ့ပြီး အစ္စရေးစစ်ဘက်အဆောက်အအုံတစ်ခု အသေးစား ပျက်စီးခဲ့သည်ဟု ဆိုသည်။

နယ်ခံများ ဘေးကင်းသည့်နေရာတွင် နေထိုင်ကြရေးအတွက် ပြင်ဆင်ထားရန် အကြံပြုထားခြင်းမရှိဟု နောက်ပိုင်းတွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

အီရန်၏ယခု တိုက်ခိုက်မှုအတွက် ကြီးမားသည့် တုံ့ပြန်မှုရှိလာလိမ့်မည်ဟု အမည်မဖော်လိုသူ အစ္စရေးတာဝန်ရှိသူ၏ ပြောကြားချက်ကို အစ္စရေး၏ Channel 12 ရုပ်သံက ဖော်ပြခဲ့သည်။

အီရန်က ဧပြီ ၁ ရက်တွင် ၎င်း၏ဒမတ်စကတ် ကောင်စစ်ဝန် အဆောက်အအုံတိုက် ခိုက်ခံရခြင်းအတွက် အစ္စရေးကို လက်တုံ့ပြန်မည်ဟု ပြောကြားထားပြီး ယခုတိုက်ခိုက်မှုသည် ဒမတ်စကတ်တိုက်ခိုက်မှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ယူဆရသည်။

Ref:Reuters

Photos:Reuters,AP,AFP

Most Read

Most Recent