Facebook ပြတ်တောက်ခဲ့ခြင်းကြောင့် ပိုင်ရှင် မာ့ခ်ဇူကာဘတ် နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ဆုံးရှုံး

Facebook ပြတ်တောက်ခဲ့ခြင်းကြောင့် ပိုင်ရှင် မာ့ခ်ဇူကာဘတ် နာရီပိုင်းအတွင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ဆုံးရှုံး
ဖေဖော်ဝါရီ ၂၇ ရက် တိုကျိုခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်ရုံး၌  Meta ပိုင်ရှင် ဇူကာဘတ်က သတင်းထောက်များကို ရှင်းလင်းပြောကြားနေပုံအား တွေ့ရစဉ်(Photo:AFP)
ဖေဖော်ဝါရီ ၂၇ ရက် တိုကျိုခရီးစဉ်အတွင်း ဂျပန်ဝန်ကြီးချုပ်ရုံး၌  Meta ပိုင်ရှင် ဇူကာဘတ်က သတင်းထောက်များကို ရှင်းလင်းပြောကြားနေပုံအား တွေ့ရစဉ်(Photo:AFP)
Published 6 March 2024

ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည့် ပြတ်တောက်မှုများက အသုံးပြုသူ ဘီလျံချီပြီး ချိတ်ဆက်မရသည့် အနေအထားဖြစ်စေခဲ့ရုံသာမက Meta ကုမ္ပဏီ၏ ဘဏ္ဍာရေးကိုလည်း ကြီးကြီးမားမား ထိခိုက်စေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ပြတ်တောက်မှုဖြစ်ပွားပြီး မကြာမီ Meta ရှယ်ယာစျေးသည် ၁ ဒသမ ၅ ရာခိုင်နှုန်းကျ ဆင်းသွားခဲ့သည်။ ထို့ကြောင့် ရှယ်ယာစျေးသည် ၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ဆိုသည်။

ပြတ်တောက်မှုကြောင့် Meta ပိုင်ရှင် မာ့ခ်ဇူကာဘတ်သည် ငွေအမြောက်အမြား ဆုံးရှုံးခဲ့ပြီးမတ် ၅ ရက် နံနက်ပိုင်းတွင် ၎င်းသည် အမေရိကန်ဒေါ်လာသန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု Wedbush Securities ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ဒန်အိုက်ဗ်က ပြောကြားခဲ့သည်။

နည်းစနစ် ပြဿာနာကြောင့် နှစ်နာရီ ကျော်ကြာပြတ်တောက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်းလုံးတွင် အသုံးပြုသူ ထောင်ပေါင်းများစွာကို သက်ရောက်ခဲ့ပြီးနောက် Meta ကုမ္ပဏီပိုင် Facebook နှင့် အင်စတာဂရမ်တို့ကို မတ် ၅ ရက်တွင် ပြန်လည် အသုံးပြုနိုင်ပြီဟု ယင်းကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက လူမှုမီဒီယာ X တွင်ဖော်ပြခဲ့သည်။

ကမောက်ကမဖြစ်မှုများသည် မြန်မာစံတော်ချိန် ည ၉ နာရီခွဲ ဝန်းကျင်တွင် စတင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူအများစုက Facebook နှင့် အင်စတာဂရမ်တို့ကို Log in ဝင်မရဖြစ်နေကြောင်း Facebook ၏ပြိုင်ဘက် လူမှုမီဒီယာဖြစ်သည့် X တွင် ပို့စ်တင်ခဲ့ကြသည်။

အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီသည် ယင်းဖြစ်ရပ်ကို စောင့်ကြည့်နေခဲ့ပြီး ထိုအချိန်တွင် ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားသည့် လက္ခဏာမျိုးကို မတွေ့ရဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ပြတ်တောက်မှု အများဆုံးဖြစ်ပွားချိန်တွင် Facebook  သုံးမရသူ ၅၅၀,၀၀၀ နှင့် အင်စတာဂရမ် အကောင့် ဝင်မရသူ ၉၂,၀၀၀ ကျော်ရှိနေသည်ဟူသော သတင်းများ ထွက်ပေါ်လာကြောင်း ပြတ်တောက်မှုများကို စောင့်ကြည့်နေသော Downdetector ဝက်ဆိုက်က ဖော်ပြခဲ့သည်။

“ဒီနေ့ စောစောပိုင်းလောက်မှာပဲ ကျွန်တော်တို့ပေးနေတဲ့ ဝန်ဆောင်မှုအချို့ကို အသုံးပြုရာမှာ လူအချို့ အခက်အခဲဖြစ်နေတဲ့ နည်းစနစ် ပြဿနာ ပေါ်ပေါက်ခဲ့ပါတယ်။ ဝန်ဆောင်မှုကို သုံးလို့မရ ဖြစ်နေတဲ့ လူတိုင်းအ တွက် ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းပေးခဲ့ပါတယ်”ဟု  Meta  ပြောရေးဆိုခွင့်ရှိသူ  အန်ဒီစတုန်းက X တွင်ပို့စ်တင်ခဲ့ပြီး ချို့ယွင်းချက်ဖြစ်ပေါ်ရသည့် အကြောင်းကို အသေးစိတ်ဖော်ပြခြင်းမရှိခဲ့ပေ။

Meta ကုမ္ပဏီသည် WhatsApp နှင့် Threads တို့အပါအဝင် app အချို့၌ နေ့စဉ် ဝင်ရောက်အသုံးပြုနေသူ ၃ ဒသမ ၁၉ ဘီလျံခန့်ရှိနေသည့် ကုမ္ပဏီဖြစ်သည်။

WhatsApp Business အတွက် ပရိုဂရမ် အင်တာဖေ့တွင်လည်း ချို့ယွင်းချက်များ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

သို့ရာတွင် WhatsApp နှင့် Threads တို့၌ဖြစ်ပေါ်ခဲ့သော ပြတ်တောက်မှုများသည် အနည်းအကျဉ်းသာ ဖြစ်သည်ဟု downdetector ဝက်ဆိုက်က ဖော်ပြခဲ့သည်။

Meta ဝန်ထမ်းအချို့သည် ၎င်းတို့၏ အလုပ်ခွင်တွင် အသုံးပြုနေသော စနစ်များထဲ Log in ဝင်မရဖြစ်ခဲ့သောကြောင့် ၎င်းတို့ အလုပ်ထုတ်ခံရပြီဟုပင် ထင်မှတ်ခဲ့ရကြောင်း Bling မက်ဆေ့ app တွင် ယင်းဝန်ထမ်းများက ဖော်ပြနေကြသည်ကို ရိုက်တာသတင်းဌာနက တွေ့ခဲ့ရသည်။

ပြတ်တောက်မှုဖြစ်ပေါ်ရသည့် အကြောင်းသည် ယခင်တွစ်တာဟု ခေါ်ခဲ့သော လူမှုမီဒီယာ X တွင် ရေပန်းအစားဆုံး အကြောင်း အရာဖြစ်ခဲ့သည်။ ထို့ကြောင့်လည်း X ပိုင်ရှင် အီလွန်မက်စ်က “ခင်ဗျားဟာ ဒီပို့စ် ကို ဖတ်နေရတယ်ဆိုရင် ဒါဟာ ကျွန်တော်တို့ ဆာဗာတွေ အလုပ်လုပ်နေတာကြောင့် ပဲဖြစ်ပါတယ်”ဟု Meta ကုမ္ပဏီကို ထိုးနှက်ခဲ့သည်။

                                                   Ref:Reuters

Most Read

Most Recent