လောက်ကိုင်မြို့ ဗမာတန်း အလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများကို MNDAA အဖွဲ့က မတ် ၁၇ ရက်မှစ၍ ဖြိုဖျက်နေ

လောက်ကိုင်မြို့ ဗမာတန်း အလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများကို MNDAA အဖွဲ့က မတ် ၁၇ ရက်မှစ၍ ဖြိုဖျက်နေ
Published 18 March 2024

လောက်ကိုင်မြို့ ဗမာတန်းအလယ်လမ်းရှိ နေအိမ်ဆိုင်ခန်းများကို MNDAA အဖွဲ့က မတ် ၁၇ ရက်မှစ၍ ဖြိုဖျက်နေကြောင်း လောက်ကိုင်ဒေသခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် ရုပ်သံဖိုင်နှင့်တကွတင်ထားသည်ကို တွေ့ရသည်။

ယင်းရုပ်သံဖိုင်တွင် ဗမာတန်းအား ယန္တရားဖြင့် ဖြိုချနေသည်ကိုတွေ့ရပြီး MNDAA အဖွဲ့အချို့က လမ်းအတွင်း စောင့်ကြပ်နေသည်ကိုလည်းတွေ့ရသည်။

လောက်ကိုင်မြို့တွင် ဗမာတန်းအလယ်လမ်းအပါအဝင် အခြားနေရာအချို့တွင်လည်း မြို့စည်ပင်သာယာရေးအကြောင်းပြချက်ဖြင့် အဆောက်အအုံများ ဖြိုဖျက်မှုများရှိကြောင်း ဒေသခံအချို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားမှုများအရ သိရသည်။

အဆိုပါဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုးပိုင် နေအိမ်ဆိုင်ခန်း အနည်းငယ်သာပါဝင်ပြီး ကိုးကန့်လူမျိုးအများစုပိုင်ဆိုင်ခြင်းဖြစ်ကာ ဗမာပစ္စည်းများကို အဓိကရောင်းချခြင်းကြောင့် ဒေသခံများက ဗမာတန်းဟုခေါ်တွင်ခြင်းဖြစ်ကြောင်း၊ ယခုဖြိုချဖယ်ရှားခံသည့် နေရာမှာ ဗမာတန်း၏ အလယ်လမ်းကို ဖြိုချခြင်းဖြစ်ကြောင်း၊ ယင်းနေရာသည် မြန်မာပြည်တွင်းမှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သားအများစုနေထိုင်သည့် နေရာတစ်ခုလည်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်ဆိုင်ခန်းများကို မတ် ၁၁ ရက် နောက်ဆုံးထား၍ ဖျက်သိမ်းရွှေ့ပြောင်းရန် မတ် ၉ ရက်က MNDAA အဖွဲ့က ဒေသခံများထံအကြောင်းကြားလာခြင်းဖြစ်ကြောင်းနှင့် နေအိမ်ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယခုကိစ္စရပ်အား အကြောင်းကြားမှု မရရှိမီကတည်းက ကြိုတင်သတင်းကြားသဖြင့် MNDAA အဖွဲ့၏ လောက်ကိုင်မြို့အုပ်ချုပ်ရေးရုံးထံ သုံးကြိမ်တိုင်သွားရောက်၍ နေအိမ်များကို ဖျက်သိမ်းခြင်းမပြုရန် အကူအညီ တောင်းခံတင်ပြခဲ့သော်လည်း လက်ခံခြင်းမရှိခဲ့ကြောင်း လောက်ကိုင်ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဗမာတန်း အလယ်လမ်းရှိ ဆိုင်ခန်းများ၏ အရှေ့ဘက်နှင့် နောက်ကြောဘက်တွင် တစ်လမ်းမောင်းလမ်း တစ်လမ်းစီရှိပြီး ထိုသို့တစ်လမ်းမောင်းလမ်းနှစ်လမ်း၏ အလယ်တွင်ရှိနေသဖြင့် လမ်းချဲ့ရန်အတွက် အဆောက်အအုံများကို ဖျက်သိမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် လက်ရှိတစ်လမ်းမောင်းတစ်လမ်းစီ၏ အကျယ်မှာ ကားနှစ်စီးနှင့် ဆိုင်ကယ်တစ်စီး တစ်ပြိုင်တည်းသွားလာနိုင်ပြီး ပလက်ဖောင်းအကျယ်မှာလည်း တစ်ဖက်လျှင် ၁၀ ပေခန့်ရှိကြောင်း ဒေသခံအချို့က ဆိုသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ MNDAA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်လီကျားဝင်းက ယင်းဆိုင်ခန်းများမှာ လမ်း၏အလယ်တွင် ဆောက်ထားခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် လမ်းကြောကျပ်တည်းသည့် နေရာများကို လမ်းချဲ့ထွင်ခြင်းဖြစ်ကြောင်း BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

“လူမျိုးရေးကြောင့် ဗမာတန်းကို ဖျက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဗမာတန်းတစ်ခုတည်းကိုမဟုတ်ဘဲ တခြားလမ်းက အဆောက်အဦလည်း လမ်းနဲ့မလွတ်လို့ဖျက်တယ်။ လူအရမ်းစည်ပြီး လမ်းကျဉ်းတဲ့နေရာတွေ လမ်းချဲ့တယ်၊ လမ်းချဲ့တဲ့နေရာတွေမှာ မဖြစ်မနေဖျက်ရပါတယ်” ဟု လီကျားဝင်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

ထို့အတူ ဗမာလူမျိုးများ လောက်ကိုင်သို့ ဝင်ခွင့်မပြုရန်တားမြစ်ထားခြင်း မရှိကြောင်း၊ လိုအပ်သည့်စစ်ဆေးမှုရှိသော်လည်း မည်သည့်လူမျိုးကိုမဆို ဝင်ခွင့်ပြုကြောင်းနှင့် နိုင်ငံရေးနောက်ကြောင်းမရှင်းသူများကိုသာ လက်မခံခြင်းဖြစ်ကြောင်း MNDAA အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရသည်။

Most Read

Most Recent