ဆိုင်းငံ့သေဒဏ် ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာ သေဒဏ်စီရင်ခံရဖွယ်မရှိဟု သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပြောကြား

ဆိုင်းငံ့သေဒဏ် ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာ သေဒဏ်စီရင်ခံရဖွယ်မရှိဟု သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ပြောကြား
၂၀၂၁ ခုနှစ် မေ ၂၇ ရက်က သြစတြေးလျစာရေးဆရာ ယန်ဟန်ကျွင်းကို အမှုမစစ်ဆေးမီ ပေကျင်းမြို့ရှိ တရားရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် မေ ၂၇ ရက်က သြစတြေးလျစာရေးဆရာ ယန်ဟန်ကျွင်းကို အမှုမစစ်ဆေးမီ ပေကျင်းမြို့ရှိ တရားရုံးအပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေစဉ်(Photo: AFP)
Published 11 March 2024

ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဆိုင်းငံ့သေဒဏ်ချမှတ်ခံရသည့် သြစတြေးလျစာရေးဆရာ ယန်ဟန်ကျွင်းသည် ထပ်မံပြစ်မှုကျူးလွန်ခြင်းမရှိပါက သေဒဏ်စီရင်ခံရဖွယ်မရှိကြောင်း သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်က မတ်လ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ပေကျင်းရှိ တရားရုံးတစ်ရုံးက ချမှတ်ခဲ့သည့် ဆိုင်းငံ့သေဒဏ်ပြစ်ဒဏ်သည် ယန်အား ချက်ချင်းကွပ်မျက်ရန် မလိုအပ်ကြောင်း တရုတ်သံအမတ်ရှောင်ချန်က မတ်လ ၁၁ ရက်က ပြုလုပ်သည့် သြစတြေးလျ ဘဏ္ဍာ ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှု လုပ်ငန်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယန်သည် ပြစ်ဒဏ်ကျခံစဉ်ကာလအတွင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ပြီး ထပ်မံပြစ်မှုကျူးလွန်ခြင်း မရှိပါက ကွပ်မျက်ခံရမည့် အလားအလာမရှိကြောင်း ၎င်းက ဆိုသည်။

ယင်းမှတ်ချက်စကားသည် ယန်သေဒဏ်စီရင်ခံရဖွယ်မရှိဟု တရုတ်တာဝန်ရှိသူ တစ်ဦးက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

ထို့ပြင် ယန်၏ကျန်းမာရေးအခြေအနေသည် အကောင်းပကတိ မဟုတ်သော်လည်း ၎င်း၏မိသားစု ပြောဆိုထားသကဲ့သို့ အခြေအနေ ဆိုးရွားခြင်းမရှိဟု တရုတ်သံအမတ်က ပြောကြားသည်။

ဒီမိုကရေစီလိုလားသည့် ဘလော့ဂါတစ်ဦးဖြစ်ပြီး သူလျှိုဝတ္ထုများကို ရေးသားသူဖြစ်သည့် ယန်သည် တရုတ်နွယ်ဖွား သြစတြေးလျနိုင်ငံသားဖြစ်သည်။ သူသည် ၂၀၁၉ ခုနှစ်က ကွမ်ကျိုးလေဆိပ်တွင် အဖမ်းမခံရမီက နယူးယောက်တွင် အလုပ်လုပ်ခဲ့သည်။

၎င်းသည် မွေးရပ်မြေသို့ ကြုံတောင့်ကြုံခဲ အဖြစ် အလည်အပတ်ရောက်ရှိလာစဉ် ဖမ်းဆီးခံရပြီးနောက် ငါးနှစ်အကြာတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်သည်။

၎င်းသည် သူလျှိုလုပ်မှု စွပ်စွဲချက်များဖြင့် ၂၀၁၉ ခုနှစ်ကတည်းက အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့ရပြီး ကျန်းမာရေးဆိုးရွားနေသည်ဟု ၎င်း၏မိသားစုက ဆိုသည်။

၎င်းအား သူလျှိုလုပ်မှု စွဲချက်များဖြင့် ပေကျင်းရှိတရားရုံးတစ်ရုံးက ပြီးခဲ့သည့်လတွင် ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ၎င်း၏မိသားစုနှင့် ၎င်းအားထောက်ခံသူများကို အံ့သြတုန်လှုပ်စေခဲ့သည်။

၎င်းအားချမှတ်ခဲ့သည့် ပြစ်ဒဏ်သည် တရုတ်တွင်နှစ်အတန်ကြာအတွင်း သူလျှိုမှုအတွက် အကြီးလေးဆုံး ပြစ်ဒဏ်တစ်ရပ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယန်၏မိသားစုက တရားရုံး၏ဆုံးဖြတ်ချက်ကို အယူခံဝင်မည်မဟုတ်ဟု ပြောဆိုထားပြီး ၎င်း၏ကျောက်ကပ်ရောဂါအခြေအနေ ဆိုးရွားလာမှုအတွက် လိုအပ်သည့် အရေးတကြီး ဆေးကုသမှုများ နှောင့်နှေးကြန့်ကြာမည်ကို စိုးရိမ်ခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုထားသည်။

ယန်ကမူ ပြည်ပနိုင်ငံတစ်နိုင်ငံအတွက် သူလျှိုလုပ်ပေးခဲ့ခြင်းမရှိဟု ပြောဆိုထားပြီး အကျဉ်းထောင်ထဲမှ ၎င်း၏မိသားစုထံပေးပို့ခဲ့သည့် စာများတွင်လည်း အမှားအယွင်းတစ်စုံတစ်ရာ မလုပ်ခဲ့ကြောင်း ရေးသားထားသည်ဟု သိရသည်။

ယန်သည် ၁၉၈၉ ခုနှစ်မှစ၍ တရုတ်၏နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနတွင် ဆယ်စုနှစ်တစ်ခုကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ဟောင်ကောင်နှင့် ၀ါရှင်တန်တို့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက်တွင် ယန်သည် အလုပ်မှနုတ်ထွက်ကာ သြစတြေးလျသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

တရုတ်တွင် ဆိုင်းငံ့သေဒဏ် ချမှတ်ခံရပါက တရားခံသည် သေဒဏ်စီရင်ခံရခြင်းမှ  နှစ်နှစ်ရွှေ့ဆိုင်းခံရမည်ဖြစ်ပြီး ထို့နောက်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအဖြစ် အလို အလျောက်ပြောင်းလဲသည်။

Ref: Reuters

Most Read

Most Recent