အီရန်က အစ္စရေးကို မြန်မြန်ဆန်ဆန် လက်တုံ့ပြန်တိုက်ခိုက်ဖွယ်ရှိဟု သမ္မတဘိုင်ဒင် ပြောကြား

အီရန်က အစ္စရေးကို မြန်မြန်ဆန်ဆန် လက်တုံ့ပြန်တိုက်ခိုက်ဖွယ်ရှိဟု သမ္မတဘိုင်ဒင် ပြောကြား
Published 13 April 2024

အီရန်အနေဖြင့် အစ္စရေးအား လက်တုံ့ပြန်တိုက်ခိုက်မှုကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်ဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဧပြီ ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသို့တိုက်ခိုက်မှုကို ရှေ့တိုးလုပ်ဆောင်ခြင်း မပြုရန်လည်း အီရန်ကို သတိပေးခဲ့သည်။

အီရန်ကို မည်သည့်သတင်းစကားပါးမည်နည်းဟု သတင်းထောက်များက မေးမြန်းရာတွင် ဘိုင်ဒင်က "မလုပ်နှင့်" ဟုပင် တိုတိုတုတ်တုတ် ဖြေကြားခဲ့သည်။ အစ္စရေးကို အကာအကွယ်ပေးမည့် အမေရိကန်၏ ကတိကဝတ်ကိုလည်း ၎င်းက အလေးအနက်ပြောဆိုခဲ့သည်။

"အစ္စရေးကို အကာအကွယ်ပေးဖို့ ကျွန်တော်တို့တွေ အလေးအနက်အာရုံစိုက်ထားပါတယ် ကျွန်တော်တို့ အစ္စရေးကို အထောက်အကူပေးသွားမှာပါ။ ကျွန်တော်တို့ အစ္စရေးရဲ့ကာကွယ်ရေးအတွက် အကူအညီပေးမှာဖြစ်လို့ အီရန်အနေနဲ့ အောင်မြင်မှာမဟုတ်ပါဘူး" ဟု ဘိုင်ဒင်က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်က ဆီးရီးယား၏မြို့တော် ဒမတ်စကတ်ရှိ အီရန်သံရုံး တိုက်ခိုက်ခံရပြီး အီရန်တော်လှန်ရေးအစောင့်တပ်၏ ပြည်ပအခြေစိုက် ကွက်ဒ်တပ်ဖွဲ့ အကြီးတန်းတပ်မှူးတစ်ဦးနှင့် အခြားအဆင့် အရာရှိခြောက်ဦး သေဆုံးပြီးနောက် အီရန်က လက်တုံ့ပြန်တိုက်ခိုက်နိုင်သည်ဟူသော သတိပေးမှုများ မြင့်တက်လျက်ရှိရာ အစ္စရေးသည် အီရန် သို့မဟုတ် ၎င်း၏လက်ဝေခံအဖွဲ့များက တိုက်ခိုက်နိုင်သည့် အန ္တရာယ်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

အစ္စရေးက ဧပြီ ၁ ရက် လေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အီရန်၏ ဦးသျှောင်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီက ယင်းအတွက် အစ္စရေးကို ဒဏ်ခတ်ရမည်ဖြစ်ကြောင်းနှင့် အီရန်မြေ၌ တိုက်ခိုက်ခံရမှုနှင့်ညီမျှသည့် စစ်ဆင်ရေးတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အမေရိကန်သည် အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန် တပ်ဖွဲ့ဝင်များကို ကာကွယ်ရန် စစ်သင်္ဘောများကို အလျင်အမြန်တပ်ဖြန့်ထားပြီး အစောဆုံးအနေဖြင့် ဧပြီ ၁၂ ရက် သို့မဟုတ် ၁၃ ရက်တွင် ဖြစ်လာနိုင်သည့် အီရန်က အစ္စရေးအား တိုက်ရိုက်တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန် မျှော်လင့်ထားသည်ဟု ဝေါလ်စထရိဂျာနယ်က ဧပြီ ၁၂ ရက်တွင် ဖော်ပြသည်။

သို့သော် အီရန်ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သူတစ်ဦးကမူ တိုက်ခိုက်မည့် အစီအစဉ်များကို ဆွေးနွေးလျက်ရှိသော်လည်း အပြီးသတ်ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်က ဖော်ပြသည်။

အိန္ဒိယ၊ ပြင်သစ်၊ ပိုလန်နှင့် ရုရှား အပါအဝင် ကမ ္ဘာ့နိုင်ငံအချို့က ခုနစ်လထဲသို့ ရောက်လာပြီဖြစ်သည့် ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ စစ်ရေးတင်းမာမှု မြင့်တက်နေသည့် ဒေသတွင်းသို့ ခရီးသွားခြင်းမပြုရန် ၎င်းတို့နိုင်ငံသားများကို သတိပေးထားသည်။ ဂျာမနီကလည်း အီရန်ရှိ ၎င်းတို့နိုင်ငံသားများကို ယင်းနိုင်ငံမှထွက်ခွာရန် တိုက်တွန်းထားသည်။ Ref: Reuters

Most Read

Most Recent