ဟစ်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းရှိ အရပ်သားပစ်မှတ်များကို လက်နက်ကြီးထိပ်ဖူးတပ် ဒုံးကျည်များဖြင့် ပစ်ခတ်

ဟစ်ဇ်ဘိုလာက အစ္စရေးမြောက်ပိုင်းရှိ အရပ်သားပစ်မှတ်များကို လက်နက်ကြီးထိပ်ဖူးတပ် ဒုံးကျည်များဖြင့် ပစ်ခတ်
အစ္စရေး-လက်ဘနွန်နယ်စပ်ရှိ အစ္စရေးကင်းစခန်းတစ်ခုကို မတ် ၁၉ ရက်တွင် တွေ့ရစဉ်(Photo: Reuters)
အစ္စရေး-လက်ဘနွန်နယ်စပ်ရှိ အစ္စရေးကင်းစခန်းတစ်ခုကို မတ် ၁၉ ရက်တွင် တွေ့ရစဉ်(Photo: Reuters)
Published 29 March 2024

လက်ဘနွန် စစ်သွေးကြွအုပ်စု ဟစ်ဇဘိုလာက အစ္စရေးမြောက်ပိုင်းရွာများကို လက်နက်ကြီးထိပ်ဖူးတပ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး ယင်းသည် တမြန်နေ့ ညပိုင်းက ဆေးဘက်အကူများအပါအဝင် လူကိုးဦးသေဆုံး သွားသည့် အစ္စရေးတိုက်ခိုက်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် အရပ်သားပစ်မှတ်များတွက် ယင်းလက်နက်ကြီးကျည်ဖူးများကို မတ် ၂၈ ရက်တွင် ပထမဆုံးအကြိမ်အသုံးပြုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် အစ္စရေးနိုင်ငံသားများ ထိခိုက်မှုရှိသည်ဟူသော သတင်းများကို မကြားရဟု ဒေသတွင်း မီဒီယာကဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးဘက်က ချက်ချင်း ဖြေကြားခြင်းမရှိပေ။

အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမာ့စ် စစ်ပွဲစတင်ဖြစ်ပွားကတည်းက အစ္စရေးနှင့်လက်ဘနွန် နယ်စပ်တစ်လျှောက်နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်မှုများက အင်အားအပြည့်သုံးသောစစ်ပွဲအဖြစ်ကြီး ထွားလာနိုင်သည်ဟူသော စိုးရိမ်မှုများကို မြင့်တက်လာစေသည်။ မတ် ၂၇ ရက်တွင်  လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒုံးကျည်ပစ်ခတ်မှုတို့ကြောင့် လက်ဘနွန်နိုင်ငံသား ၁၆ ဦးနှင့် အစ္စရေးနိုင်ငံသား တစ်ဦးတို့ သေဆုံးခဲ့ရာ ယင်းသည် မတ် ၂၇ ရက်နေ့ကို ဖြစ်ပွားနေဆဲ အစ္စရေး-လက်ဘနွန် ပဋိပက္ခ၏လူအများဆုံးသေဆုံးသော နေ့တစ်နေ့ဖြစ်စေခဲ့သည်။

အစ္စရေးသည် လွန်ခဲ့သော သီတင်းပတ်တွင် ဟစ်ဇဘိုလာ စစ်သွေးကြွ ၃၀ ကို သုတ်သင်ခဲ့ပြီး အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာကို နယ်စပ်မှဝေးရာသို့ဆုတ်သွားစေရေးအတွက် ဟစ်ဇဘိုလာ၏စစ်ရေးနေရာ ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးခဲ့သည်ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒန်နီရယ်ဟာဂါရီက ပြောကြားခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုတို့ မကြာသေးမီက မြင့်တက်လာခြင်းက ၀ါရှင်တန်နှင့် ကုလသမဂ္ဂတို့့၌ သတိပေးချက်များကို ဖြစ်ပေါ်စေခဲ့သည်။

“အစ္စရေး-လက်ဘနွန် နယ်စပ်တစ်လျှောက်မှာ တည်ငြိမ်မှုပြန်လည်ရရှိရေးဟာ သမ္မတဂျိုးဘိုင်ဒင်နဲ့ အမေရိကန်အစိုးရတို့အတွက် ထိပ်တန်း ဦးစားပေးအဖြစ်ရှိနေပါတယ်”ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရသူ ဂျွန်ကာဘီက သတင်းထောက်များကို ပြောကြားခဲ့ပြီး အမေရိကန်သည် အခြေအနေများကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဆိုသည်။

“လက်ဘနွန်စစ်ပွဲကို ကျွန်တော်တို့ မထောက်ခံဘူးဆိုတာ ရှင်းရှင်းလင်းလင်းပဲ ကျွန်တော်တို့ပြောပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်သည် အဆိုပါ ပဋိပက္ခရပ်သွားစေရန် သံတမန်ရေးကြိုးပမ်းမှုများမှတစ်ဆင့် ဆောင်ရွက်နေသည်ဟု ဂျွန်ကာဘီကပြောကြားခဲ့သည်။ ပဋိပက္ခရပ်သွားရေးသည် အစ္စရေးနှင့်လက်ဘနွန်တို့အတွက် ဦးစားပေး ကိစ္စဖြစ်ရန် လိုအပ်နေသည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။ သို့မှသာတိုက်ပွဲရှောင်အရပ်သားများ နေရပ်သို့ပြန်လာခွင့်ရလိမ့်မည်ဟု ဆိုသည်။ အစ္စရေးနှင့်လက်ဘနွန်နယ်စပ်၌ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နှစ်ဘက်စလုံးက အရပ်သားပြည်သူထောင်ပေါင်းများစွာသည် တိုက်ပွဲရှောင်နေရသည်။

မတ် ၂၈ ရက် နေဝင်ချိန်တွင် အစ္စရေးရွာများဖြစ်သည့် ဂိုရန်နှင့်ရှလိုမီတို့ဘက်သို့ ကတ်ယူရှာနှင့်ဘာကန် ဒုံးကျည်များပစ်ခဲ့သည်ဟု ဟစ်ဇဘိုလာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဟစ်ဇဘိုလာသည် အရပ် သားပစ်မှတ်များကို ဘာကန်ဒုံးကျည်များဖြင့် ယခင်ကပစ်ခတ်ခဲ့ခြင်းမရှိဟု ဟစ်ဇဘိုလာ၏ အယ်လ်-မန်နာ ရုပ်သံက သတင်းဖော်ပြခဲ့သည်။ သို့ရာတွင် မကြာသေးမီက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို ဘာကန်ဒုံးကျည်များဖြင့် ယခုတုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။

မတ် ၂၇ ရက်တွင် သေဆုံးသွားသူများထဲ၌ ဆေးဘက်အကူ ၁၀ ဦးပါဝင်သည်ဟု လက်ဘနွန်အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

Ref: AP

Most Read

Most Recent