ရေနုတ်မြောင်း ပြဿနာနှင့် ဒူဘိုင်းရေကြီးမှု

ရေနုတ်မြောင်း ပြဿနာနှင့် ဒူဘိုင်းရေကြီးမှု
Published 21 April 2024

စံချိန်တင် မိုးများရွာခြင်းကြောင့် ရီးယက်ဟာ့၏ ဒူဘိုင်းနေအိမ်ထဲကို ရေများဝင်လာခဲ့သည်။ မိုးစဲသွားသည့်အခါ တက်လာသော ရေများရပ်သွားမည်ဟု သူထင်ထားခဲ့သည်။ သို့သော် ရေသည်ကျမသွားသည့်အပြင် ဆက်လက်မြင့်တက်နေသည်။

“ကျွန်တော်တို့ အိပ်ယာဝင်ခဲ့ကြပါတယ်။ ရေဟာမီတာဝက် ရောက်နေပါတယ်”ဟု ဗြိတိန်ရှေ့နေ ရီးယက်ဟာ့က ပြောသည်။ ဧပြီ ၁၆ ရက် မိုးသက်မုန်တိုင်းကြောင့် အိမ်များ၊ စျေးဝယ်စင်တာများ၊ ရုံးခန်းများ၊ ကားလမ်းများ ရေမြုပ်ခဲ့ရသည်။

“ကျွန်တော်တို့ နိုးလာတော့ ရေဟာ အမြင့်တစ်မီတာရှိနေပါတယ်။ ရေဟာ ခါးလောက်ကို  ရောက်နေတာဖြစ်ပါတယ်။ အရာရာဟာ ပျက်စီးသွားပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

ဟာ့နှင့် ဇနီးသည်တို့အပြင် သူတို့မွေးထားသော ခွေးကလေးသည်  နှစ်ထပ်မြင့်သော အိမ်၏အပေါ်ထပ်တွင် နှစ်ရက်ကျော် ပိတ်မိခဲ့ကြသည်။ အိမ်နီးချင်းက လှေဖြင့်ကယ်ခဲ့သဖြင့် ဧပြီ ၁၈ ရက်တွင် နောက်ဆုံး သူတို့ လွတ်မြောက်ခဲ့ရသည်။

ပေါင်မုန့်နှင့်အစားအစာအချို့ကိုသာ ဆယ်ယူနိုင်ခဲ့သော သူတို့ လင်မယားသည် ပိတ်မိခဲ့သည့် အ ချိန်အများစုတွင် အစာမစားခဲ့ကြ ပါ။ ရေပုလင်းအနည်းငယ်ထဲက ရေများကို သောက်ရင်း အသက်ဆက်ခဲ့ ရသည်။

“ရေခဲသေတ္တာ၊ ရေခဲခံ သေတ္တာနဲ့ ကျွန်တော့် ကားတောင် ပေါလောမျောနေပါတယ်။ အားလုံးဟာ ရေထဲမျောနေပါတယ်။ ကားကပျက်စီးသွားလို့ ကားအသစ်တစ်စီးဝယ် လိုက်ရပါတယ်”ဟု ၎င်းက အေ အက်ဖ်ပီကို ပြောကြားခဲ့သည်။

“ဒါဟာ သဘာဝဘေးအန္တရာယ် အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဘယ်သူကမှ ဒီလိုအနေအထားအတွက် ပြင်ဆင်ထားကြတာ မဟုတ်ပါဘူး”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

အဖြစ်ဆိုးကြီး ဖြစ်ပျက်နေချိန်အတွင်း ဟာ့တို့ဇနီးမောင်နှံအပြင်  ဆင်ခြေဖုံးရပ်ကွက်က မိသားစု ၁၈ စုခန့်ရှိသော အိမ်နီးချင်းများသည် ခါးအမြင့်လောက်ရှိပြီး နံသောရေထဲကို မထွက်ရဲခဲ့ကြပါ။ သူတို့သည် ဓာတ်လိုက်မည်ကိုလည်း စိုးရိမ်ခဲ့ကြသည်။

ရေများ မြန်မြန်ပြန်ကျသွားအောင် မလုပ်နိုင်ခြင်းကြောင့် ကန္တာရနိုင်ငံဖြစ်သော အာရပ်စော်ဘွား များပြည်ထောင်စု(ယူအေအီး)၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကြီးမားသော အဟန့်အ တားဖြစ်သည်။ ရေများ ဆက်လက်ကြီးနေသဖြင့် ဒူဘိုင်းကားလမ်းများသည် ရက်အတန်ကြာ ရေမြုပ်နေခဲ့ သည်။

သွားလာ၍ မရနိုင်သော ကားလမ်းများက အခြေခံဝန်ဆောင်မှု လုပ်ငန်းများကို ထိခိုက်စေခဲ့သည်။ စူပါမားကတ်ကြီးများသည် ကုန်ပစ္စည်းများကို ပြန်လည်ဖြည့်တင်းနိုင်ခြင်း မရှိပေ။ ဝန်ထမ်းအများအပြားသည် လုပ်ငန်းခွင်သို့ သွားရန်အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။

နိုင်ငံတကာ ခရီးသွားများအတွက် ကမ္ဘာ့အစည်ကားဆုံးဖြစ်သော ဒူဘိုင်းလေဆိပ်သည် ဝန်ထမ်း မလုံလောက်မှုပြဿနာကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသည်။ ဒူဘိုင်းလေဆိပ်၌ ဖြစ်ပေါ်နေသည့် ကြန့်ကြာမှုများသည်ကား ယခုရက်ပိုင်းအထိ ဖြစ်ပေါ်နေလိမ့်မည် ဖြစ်သည်။

မိုးကြီးလေကြီးဖြစ်ရာမှ တက်လာသော ရေများအတွက် ရေနုတ်မြောင်းစနစ်ကို ဒူဘိုင်းအတွက် စီမံရာတွင် ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းခဲ့ခြင်းမရှိဟု ဘူရိုဟက်ပိုးလ်အတိုင်ပင်ခံ အင်ဂျင်နီယာလုပ်ငန်း၏ တွဲဖက်ဒါရိုက်တာ ခါရင်အယ်လ်ဂျန်ဒီက ပြောသည်။ ဒူဘိုင်း ရေနုတ်မြောင်းစနစ်သည် ယခုအခါ သက် တမ်းအားဖြင့် နှစ်အနည်းငယ်ပင် ရှိလာပြီဖြစ်သည်။

“ဒီမှာက မိုးမရွာသလောက်ပဲဆိုတော့ တစ်ယောက်ယောက်က ရေနုတ်မြောင်းစနစ်ကို ကန့်ကွက်ခဲ့ တာဖြစ်ရမယ်။ တကယ်ဖြစ်လာတဲ့ အခါကျတော့ ဒီလိုကန့်ကွက်ခဲ့တာဟာ ဉာဏ်တိမ်တာပါပဲ”ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“ရေတွေက ပိတ်မိနေတယ်။ ကားလမ်း ဒါမှမဟုတ် လေဆိပ်လို မြေကြီးမာတဲ့နေရာတွေမှာ ရေတွေ ဘယ်နေရာကို ဆင်းသွားမှာလဲ။ မြေကြီးဟာ(ရေကိုစုပ်ဖို့) သိပ်မာလွန်းနေတယ်”ဟု အယ်လ်ဂျန်ဒီက ဖြည့် စွက်ပြောသည်။

ရေပိုရေလျှံများကို ထုတ်သည့် ရေနုတ်မြောင်းများမရှိခြင်းကြောင့် ဒူဘိုင်းအာဏာပိုင်များသည် ရေစုပ်သည့် ကားများကို အားပြုနေရသည်။ ရေများကို ပိုက်လုံးကြီးများဖြင့် စုပ်ယူကာ ရေကျသွားအောင်လုပ်နေကြရသည်။

ယင်းသို့ လုပ်ဆောင်နေခြင်းကို မရှိသုံးအစီအမံဟု အယ်လ်ဂျန်ဒီက ပြောသည်။ မြို့၏အခြေခံအ ဆောက်အအုံများကို တည်ဆောက်ပြီးဖြစ်၍ ရေပိုရေလျှံထုတ်သည့် ရေနုတ်မြောင်းများကို ထည့်သွင်း တည်ဆောက်ရန် အလွန်တရာ ခက်ခဲသွားပြီဟု ဆိုသည်။

ဒူဘိုင်း၌ စံချိန်တင်မိုးများခဲ့ခြင်းကြောင့် လူလေးဦးသေဆုံးသွားသည်ဟု ယူအေအီးအာဏာပိုင်များ ကပြောသည်။                   Ref:AFP

Most Read

Most Recent