ဂျပန်ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေ

ဂျပန်ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့သဖြင့် တစ်ဦးသေဆုံးပြီး ခုနစ်ဦး ပျောက်ဆုံးနေ
Published 21 April 2024
Ref: AP

အမှုထမ်းရှစ်ဦးကို တင်ဆောင်သွားသည့် ဂျပန်ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်းသည် ညအချိန် လေ့ကျင့်ပျံသန်းစဉ်အတွင်း တိုကျိုမြို့တောင်ဘက်၌ ပစိဖိတ်သမုဒ္ဒရာထဲသို့ ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းရဟတ်ယာဉ်နှစ်စင်းသည်  အချင်းချင်းဝင်တိုက်ခဲ့ဖွယ်ရှိကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ရေထဲမှပြန်လည်ဆယ်ယူနိုင်ခဲ့သည့် အမှုထမ်းတစ်ဦးမှာ သေဆုံးသွားသည်ဟု အာဏာပိုင်များက အတည်ပြုထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးနေသည့် အမှုထမ်းခုနစ်ဦးကို ကယ်ဆယ်ရေးသမားများက လိုက်လံရှာဖွေလျက်ရှိသည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးရေတပ်မှ SH-60K အမျိုးအစား ရဟတ်ယာဉ်နှစ်စင်းသည် အမှုထမ်းလေးဦးစီ တင်ဆောင်ကာ ပျံသန်းလာပြီးနောက် ဧပြီ ၂၀ ရက် နှောင်းပိုင်းက တိုကျိုမြို့တောင်ဘက်၊ ကီလိုမီတာ ၆၀၀ ခန့်အကွာရှိ တိုရိရှိမကျွန်းအနီးတွင် အဆက်အသွယ် ပြတ်သွားခြင်းဖြစ်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး မိနိုရု ကိဟာရက သတင်းထောက်များကို ပြောကြားသည်။

လတ်တလောတွင် ယင်းသို့ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးသော်လည်း အဆိုပါ ရဟတ်ယာဉ်နှစ်စင်းသည် ရေထဲသို့ပျက်မကျမီ အချင်းချင်းဝင်တိုက်မိခဲ့ပုံရကြောင်း ကိဟာရက ဆိုသည်။

ကယ်ဆယ်ရေးသမားများသည် ပျက်ကျသွားသော ရဟတ်ယာဉ်နှစ်စင်းမှ ပျံသန်းမှုမှတ်တမ်းတင်စက်တစ်လုံးနှင့် ပန်ကာရွက်တစ်ခုစီ၊ ယင်းရဟတ်ယာဉ်များ၏ အစိတ်အပိုင်းများဟု ယူဆရသော အပျက်အစီးအပိုင်းအစများကို တစ်နေရာတည်းတွင် တွေ့ရှိခဲ့ကြောင်းနှင့် ယင်းသည် ၎င်းရဟတ်ယာဉ်နှစ်စင်း နီးနီးကပ်ကပ်ပျံသန်းခဲ့သည့် လက္ခဏာဖြစ်ကြောင်း ကိဟာရက ပြောကြားသည်။ တာဝန်ရှိသူများသည် ရဟတ်ယာဉ်ပျက်ကျသည့် အကြောင်းရင်းကို အတည်ပြုရန် ပျံသန်းမှုဆိုင်ရာ အချက်အလက်များကို သရုပ်ခွဲလေ့လာလျက်ရှိသည်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးရေတပ် (MSDF) သည် ပျောက်ဆုံးနေသည့် အမှုထမ်းများကို ရှာဖွေကယ်ဆယ်ရန် စစ်သင်္ဘောရှစ်စင်းနှင့် လေယာဉ်ငါးစင်း ဖြန့်ကြက်စေလွှတ်ထားသည်။

မစ်ရှင်အမျိုးမျိုးတွင် တာဝန်ထမ်းဆောင်နိုင်သည့်  အင်ဂျင်နှစ်လုံးတပ် SH-60K ရဟတ်ယာဉ်များသည် Seahawks ဟု လူသိများပြီး Sikorsky ကုမ္ပဏီက တည်ဆောက်ကာ မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းက ပြည်တွင်း၌ ပြန်လည်မွမ်းမံ၍ ထုတ်လုပ်ထားခြင်းဖြစ်သည်။

၎င်းရဟတ်ယာဉ်များသည် ညအချိန် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေ့ကျင့်မှု လုပ်ဆောင်စဉ် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၈ မိနစ်က အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ပြီး တစ်မိနစ်အကြာတွင် အရေးပေါ် အလိုအလျောက် အချက်ပြမှု ပေးပို့ခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီး ကိဟာရက ဆိုသည်။

 

Most Read

Most Recent