ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ တောင်းဆိုမှု လတ်တလောမဖြစ်နိုင်သေး

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ တောင်းဆိုမှု လတ်တလောမဖြစ်နိုင်သေး
Published 9 May 2024

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန်ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်၏ တောင်းဆိုမှု လတ်တလောမဖြစ်နိုင်သေးကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များအရ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Samdech Akka Moha Sena Padei Techo HUN SEN  တို့ Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့မှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

" သူ့ရဲ့ တရားဝင် Page မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတဲ့ဟာပေါ့၊ တောင်းဆိုတဲ့ဟာနဲ့ပတ်သက်ပြီး ရေးသားထားတာ မတွေ့ရဘူး။ သို့သော် ကျွန်တော်တို့ လေ့လာချက်အရကတော့ ဟိုဘက်က ဖနွန်ပင်ပို့စ်မှာတော့ ဒီတောင်းဆိုထားတယ်ဆိုတဲ့ဟာမျိုး တက်လာတာတော့ တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရပ်တည်ချက်ကတော့ နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် အာမခံပြီး ဖြစ်တယ်။ ပြီးရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံပြီး ဖြစ်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ဆောင်ရွက်မှာပဲ ဖြစ်တယ်။ ဒီဆောင်ရွက်ဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လျက်ရှိတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ Road Map ပေါ့၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ပြီး ဖြစ်တယ်။ ဒီ ရှေ့လုပ်ငန်းစဉ်တွေအတိုင်း မဖြစ်မနေ ဆောင်ရွက်သွားဖို့ သဓိဌာန်တွေလည်း ချထားပြီး ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ဒီဘက်က သဘောထားကတော့ ရှေ့လုပ်ငန်းစဉ်ကို နှောင့်နှေးစေနိုင်မယ့်၊ ရှေ့လုပ်ငန်းစဉ်တွေကို အနှောက်အယှက်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်ချက်မျိုးပေါ့၊ လုပ်ဆောင်ချက်မျိုးနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ကတော့ ရှောင်ရှားသွားမှာပဲ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဟွန်ဆန်တို့သည် မေ ၇ ရက်က Video Conferencing ဖြစ် တစ်နာရီကျော်အကြာ ဆွေးနွေးခဲ့ကြပြီး အဓိက ဆွေးနွေးခ့သည့် အကြောင်းအရင်းများသည် နှစ်နိုင်ငံ ချစ်ကြည်ရေး၊ အာဆီယံဒေသအရေးနှင့် မြန်မာနိုင်ငံ၌ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လေ့လာခြင်း၊ အကြုံပြုခြင်းများကို ဆွေးနွေးခဲ့ကြကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ ခုနက ပြောတဲ့အတိုင်းပါပဲ၊ ကျွန်တော်တို့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမယ်။ ဒီဟာနဲ့ပတ်သက်ပြီး နှောင့်နှေးစေနိုင်မယ့် အဖြစ်အပျက်မျိုးပေါ့၊ နှောင့်နှေးစေနိုင်မယ့်ဟာမျိုးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာ ဖြစ်ပါတယ်။ ခုနက ပြောတဲ့ဟာပါပဲ၊ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တယ်၊ မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ကတော့ လက်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းတော့ မရှိသေးပါဘူး" ဟု ပြောကြားသည်။

မစ္စတာဟွန်ဆန်သည် မြန်မာနိုင်ငံအပေါ်၌ စိတ်ဝင်စားသည့် ပုဂ္ဂိုလ်လည်း ဖြစ်ပြီးအရှေ့တောင်အာရှနိုင်ငံများတွင် ဝါရင့်ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အချိန်ကလည်း ကိုယ်တိုင်လာရောက်ပြီး မြန်မာနိုင်ငံအပေါ်၌ စေတနာထားကာ ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းအတွက်လည်း မြန်မာနိုင်ငံက အထူးကျေးဇူးတင်ရှိပါကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

 

Most Read

Most Recent