နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အပါအဝင် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နစက ဥက္ကဋ္ဌနှင့် ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ဂါရဝပြုကန်တော့

နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အပါအဝင် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား နစက ဥက္ကဋ္ဌနှင့် ဇနီး ဦးဆောင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ ဂါရဝပြုကန်တော့
Published 27 March 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်း အနားသို့ တက်ရောက်ခဲ့ကြသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန် အပါအဝင် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယနေ့(မတ် ၂၇ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိ ကြီး ၁၆ ဦးနှင့် ဇနီး ၁၀ ဦးတို့ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ကြကြောင်း သိရသည်။

အခမ်းအနားတွင် နစက ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာ၌ တပ်မတော်၏အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် တပ်မတော်၏တာဝန်များကို အစဉ်အဆက်ဆက်ခံခဲ့ကြသူများဖြစ်ပြီး ယခုအခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစား အရာရှိကြီးများသည် မိမိတို့၏မိဘဆရာများပင်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်များမှ ထိန်းသိမ်းကာကွယ်ခဲ့ရပါကြောင်း၊ လက်ရှိအချိန်တွင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားရေးနှင့် နိုင်ငံရေးကိုကြောင်းပြ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲရေးအတွက် ဥပဒေနှင့်အညီသာ ထိန်းထိန်း သိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ထာဝရတည်ငြိမ်အေးချမ်းသည့် ပြည်ထောင်စုကြီးဖြစ်စေရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်း အစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြုကန်တော့ ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီး ညွန့်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း တပ်မတော် နေ့ရောက်သည့်အချိန်တိုင်းတွင် မိမိတို့ကဲ့သို့တပ်မတော် အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများအားဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ ကောင်းမြတ်သည့် ဂုဏ်ယူဖွယ် အစဉ်အလာကောင်းတစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူးပြုသည့် တပ်မတော်သားများနှင့်  မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် အခြား ဩဝါဒ စကားများကို ပြောကြားကြကြောင်း သိရသည်။

ယင်းနောက် နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများက အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဇနီးများထံ ဂါရဝပြုလက်ဆောင်ပစ္စည်းများကို ဂါရဝပြု ပေးအပ်ကြကြောင်း သိရသည်။

Most Read

Most Recent